မွန်ပြည်နယ်ထွက် ရာဘာများသည် သက်ဆိုင်ရာ ဌာနများ၏ ထောက်ပံ့ပေးမှုနှင့် နည်းပညာ အကူအညီလိုအပ်ချက်များကြောင့် အရည်အသွေးညံ့ဖျင်းနေပြီး ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးမထုတ်နိုင်ဘဲ ရာဘာစျေးကွက် ကျဆင်းနေကြောင်း၊ယင်းသို့မဖြစ်စေရန် ပြည်နယ်အစိုးရ၏ အကူအညီဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာ ရာဘာအရည်အသွေးမြှင့် စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်
ရာဘာအရည်အသွေးမြှင့် စက်ရုံကို မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာတည်ဆောက်ရန် စီစဉ်နေပြီး စက်ရုံ တစ်ရုံအတွက် သိန်း ၂၀၀၀ ကုန်ကျမည်ဆိုပါက ပိုင်ရှင်မှ သိန်း (၈၀၀) နှင့် ပြည်နယ် အစိုးရက သိန်း (၁၂၀၀) ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။
“ အရည်အသွေးမြှင့် ရာဘာစက်ရုံကို တစ်မြို့နယ်ကို တစ်ရုံဆောက်သွားမယ်ဆိုရင် အရည်အသွေးမြင့် ရာဘာတွေကို များများထုတ်လုပ်နိုင်မယ့် အနေအထားရှိလာမယ်။ကျွန်တော်တို့ဆီမှာ အဓိက အခက်ခဲက အရင်းနှီးပိုင်းပါ။ဘဏ်ချေးငွေအခက်ခဲတွေပေါ့။ပြည်နယ်အစိုးရပိုင်းကလည်း ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ပူးပေါင်းပါ၀င်ပေးဖို့ ဆွေးနွေးနေတာတွေရှိတယ်။” ဟု မွန်ပြည်နယ်ဗဟို အလုပ်အမှုဆောင်တွဲဘက် ဘဏ္ဍာရေးမှူးလည်းဖြစ်၊ကျိုက်မရောမြို့နယ် ရာဘာစိုက်ပျိုးထုတ်လုပ်မှုများအသင်း၏ အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးသက်ဦးက ပြောပါသည်။
မွန်ပြည်နယ် မှ ထွက်ရှိသည့် အရည်အသွေးမြင့် ရာဘာများကို ဂျပန်နို်င်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ ၀ယ်ယူရန် ကမ်းလှမ်းထားကြောင်း မွန်ပြည်နယ်၊ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။
“စင်္ကာပူနိုင်ငံကလည်း ကျွန်တော်တို့ ရာဘာတွေကို ၀ယ်ယူဖို့အတွက် ၁ ရက်နေ့က ကျွန်တော်တို့ ကုန်စည်ဒိုင်မှာ လာရောက်တွေ့ဆုံ ညှိနှိုင်းတာတွေရှိတယ်။မွန်ပြည်နယ် ၀န်ကြီးချုပ် ဂျပန် သွားတုန်းက ဂျပန်ကလည်းဝယ်ယူဖို့ပြောထားတာတွေရှိပါတယ်။သူတို့လိုချင်တဲ့ တန်ဝိတ်ကို ကျွန်တော်တို့ လုပ်ပေးနိုင်ရင် ကမ္ဘာ့စျေးကွက်ကို တက်လှမ်းနိုင်မှာပါ။ လက်ရှိ RSS1 အရည်အသွေးအတွက် မုဒုံပေါက်စျေးက ၉၀၀ အထက်ရှိပါတယ်။၉၂၀ ကနေ ၉၅၀ ကြားမှာ ရှိပါတယ်။” ဟု ဦးသက်ဦးက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်က ရာဘာလုပ်ငန်းရှင်များအနေဖြင့် ရာဘာလုပ်ငန်း ပြန်လည်ဦးမော့ လာစေရန် ဘဏ်ချေးငွေ ထောက်ပံံ့မှုများကို မျှော်လင့်နေပြီး ဇူလို်င်လက ရာဘာစျေးနှုန်း တစ်ပေါင်လျှင် ၈၄၀ ကျပ်သာပေါက်စျေးရှိခဲ့သော်လည်း သြဂုတ်လမှာ ရာဘာစျေးပြန်လည် မြင့်တက်လာကြောင်း သိရသည်။
မြန်မာ့ ရာဘာ စျေးသည် ကမ္ဘာ့စျေးနှင့် နှိှုင်းယှဉ်ကြည့်ပါက တစ်ပေါင်ကိို ၂၀၀ ကျပ်ကွာဟနေပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀၊တန် တစ်သိန်းကို အမေရိကန်ဒေါ်လာ ၃၀ မီလီယံ(မြန်မာငွေ ၃၉၀ ဘီလီယံ) နစ်နာနေကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ရာဘာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ပေါင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ် တို့မှာ ရာဘာအရည်အသွေးမြှင့် စက်ရုံအတွက် သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ လုပ်ဆောင်နေပြီဖြစ်ကြောင်း ရာဘာလုပ်ငန်းရှင်များက ဆိုသည်။
“ထိုင်းတို့ အိန္ဒိယတို့မှာ သွားလေ့လာကြည့်တော့ ရာဘာက အရည်အသွေးအရမ်းကောင်းတော့ စျေးကောင်းရတာပေါ့။ကျွန်တော်တို့ဆီမှာ အဲ့လိုစက်ရုံတွေမရှိဘဲ တစ်ပိုင်တစ်နိုင်ပဲလုပ်နေရတော့ ကွာလတီမကောင်းဘူး။စျေးနှိမ်ခံရတယ်။စိုက်တယ်၊ ပစ္စည်းတွေထုတ်တယ်ဆိုပေမယ့် အရည်အသွေးည့ံဖျင်းတော့ စျေးကွက်လည်း မရဘူး။စျေးကွက်လည်း မငြိမ်ဘူး။” ဟု မွန်ပြည်နယ်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က ပြောကြားသည်။
မွန်ပြည်နယ်တွင် ဆန်စပါးအပါအဝင် ရာဘာအများဆုံးထွက်သော်လည်း စျေးနှိမ်ခံရပြီးဘဏ်ချေးငွေ နည်းပါးမှုကြောင့် လုပ်ငန်းရှင်များ အခက်တွေ့နေကြသည််။
“ကျွန်မတို့ မွန်ပြည်နယ်မှာ ရာဘာဆိုရင် အရည်နဲ့ အပြားတွေကို ရွာမှာရှိတဲ့ ပွဲရုံငယ်လေးတွေမှာပဲ ပေးနိုင်တယ်။သူတို့ပေးတဲ့စျေးနဲ့ပဲ ရတယ်။မြို့ကြီးတွေမှာ တက်မသွင်းနိုင်ဘူး။ရွာမှာရှိတဲ့ ရာဘာခြံပိုင်ရှင်တွေက ရာဘာခြစ်ပြီး ရောင်းပဲရောင်းတယ်။ကွာလတီတွေမပြောပြကြဘူး။ တကယ့် Export လုပ်နိုင်တဲ့ ကွာလတီကို မထုတ်နိုင်ကြဘူး။တကယ်ရောင်းတဲ့အခါမှာအမြတ်အစွန်းမထွက်တာတို့၊ ရှုံးတာတို့ ရှိတယ်။ကွာလတီအပြည့်မရတဲ့အတွက် စျေးနှိမ်ပြီးတော့ ရောင်းရတဲ့အဆင့်ဖြစ်လာတယ်။” ဟုကျိုက်မရော မြို့နယ်၊ တောင်ကလေးကျေးရွာမှ ရာဘာလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မဇီဇဝါက ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို လည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများဥပဒေကိုလည်းကောင်း၊ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလ(၉) ရက်နေ့တွင် တစ်ပြိုင်တည်းပြဌာန်းခဲ့ပြီးဖြစ်သည်။
ယင်းစက်ရုံမျိုး အများအပြားတည်ဆောက်နိုင်ပါက မွန်ပြည်နယ်၏ ရာဘာလုပ်ငန်းတိုးတက်လာမှာဖြစ်သည့်အတွက် ပူးပေါင်းပါ၀င်ကြသူများကို ဖိတ်ခေါ်ကြိုဆိုကြောင်း မွန်ပြည်နယ်၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ပြည်နယ်ဦးစီးမှူး ဦးမြင့်လွင်က ဆိုသည်။
လက်ရှိတွင် ကျိုက်မရောမြို့နယ်နှင့် ပေါင်မြို့နယ်မှာ အဆိုပါ စက်ရုံကို တိုးချဲ့နေပြီး သထုံ၊ မုဒုံ၊ သံဖြူဇရပ် နှင့် ရေးမြို့နယ်တို့မှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ၊ မွန်ပြည်နယ်တွင် ရာဘာ ဧက (၅) သိန်း ၀န်ကျင်ရှိပြီး ဧက (၃) သိန်းကျော် ရာဘာထုတ်လုပ်နေကြောင်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းများထံမှ သိရသည်။







