ယခုနှစ် ၂၀၂၂ ခုနှစ်၊ နှစ်ဝက်တာကာလအတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အသီးသီး၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ နှစ်ထောင်ကျော် သေဆုံးသွားခဲ့ကြောင်း ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့က ထုတ်ပြန်သည့် KNU ၏ နှစ်ဝက်ကာလ တိုက်ပွဲအနှစ်ချုပ်ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီလမှစ၍ ပြီးခဲ့သည့် ဇွန်လအထိ KNU ထိန်းချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO နှင့် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်(BGF) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၂,၆၈၆) ကြိမ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများကာ စုစုပေါင်း (၂,၂၀၈) ဦး သေဆုံးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ BGF ဘက်မှ ထိခိုက်သေဆုံးမှုများသလို ထိခိုက်ဒဏ်ရာရရှိသူမှာလည်း (၁,၅၄၅)ဦးအထိရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်တွင်မူ ၈၄ ဦးကျဆုံးပြီး ၁၇၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ကေအဲန်ယူ၏ ၆ လတာ တိုက်ပွဲပေါင်း အနှစ်ချုပ် ဖော်ပြထားချက်အရ ယခင် မတ်လ နှင့် ဧပြီလအတွင်း တိုက်ပွဲ အကြိမ်ရေအများဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်ကျဆုံးမှုမှာလည်း မတ်လ နှင့် ဇွန်လ အတွင်း အများဆုံးဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။

အလားတူ အပြန်အလှန် တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိသလို စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူများအပြင် မတရားဖမ်းဆီးနှိပ်စက်မှုများ၊ လူသားဒိုင်းပြုလုပ်မှုများကြောင့် လက် နက်ကိုင်တိုက်ပွဲ ဖြစ်ပွားရာဒေသအတွင်းရှိ ဒေသခံ ပြည်သူလူထု ၇၂ ဦးသေဆုံးပြီး ၁၅၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ယခင်နှစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တိုင်းပြည်အာဏာကို စစ်တပ်သိမ်းယူပြီးနောက်ပိုင်း အပစ်ရပ်(NCA) လက်မှတ်ရေးထိုးထားသော်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ KNU ၏ တပ်မဟာ (၅)၊ ဖာပွန်ဒေသတွင် တိုက်ပွဲအများဆုံးနှင့် အပြင်းထန် ဆုံးဖြစ်ပွားခဲ့သလို လတ်တလောတွင်လည်း တပ်မဟာ(၆)နယ်မြေ (ဒူးပလာယာခရိုင်)နှင့် တပ်မဟာ ၃ နယ်မြေ( ညောင်လေးပင်ခရိုင် )ဘက်တွင် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ စစ်ကောင်စီ စခန်းကြီး ၅ ခုနှင့် စခန်းငယ်တချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လတ်တလောတွင် နောက်ဆုံး စခန်းသိမ်းတိုက်ပွဲ ဖြစ်သည့် ဥကရစ်ထစခန်းတိုက်ခိုက်မှုမှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။







