ပြန်ပေးဆွဲခံခဲ့ရသည့်ပညာရေးဝန်ထမ်း ၂ ဦးကို နယ်ပြောင်းခွင့်ပြုလိုက်ပြီ

ပြန်ပေးဆွဲခံခဲ့ရသည့်ပညာရေးဝန်ထမ်း ၂ ဦးကို နယ်ပြောင်းခွင့်ပြုလိုက်ပြီ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်ပေးဆွဲခြင်းခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို မိမိတို့ဒေသရှိ ကျောင်းများသို့ ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီဟု သိရသည်။

ပြန်ပေးဆွဲခံရပြီးနောက် နယ်ပြောင်းခွင့်ရသွားသည့်ပညာရေးဝန်ထမ်း ၂ ဦးမှာ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာ မူလွန်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်သည်။

သူတို့ကို သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှနေ၍ ဆရာကြီး ဦးဘိုဝင်း၏ ဇာတိဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ် ရေပေါက်ချောင်းကျေးရွာ မူလတန်းကျောင်းသို့လည်းကောင်း၊ ဆရာမ ဒေါ်ဥမ္မာကျော်၏ဇာတိဖြစ်သော စစ်တွေမြို့နယ် ကြံတောကျေးရွာ မူလတန်းကျောင်းသို့လည်းကောင်း ဇူလိုင်လ ၄ ရက်တွင် ပြောင်းရွှေ့ခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက အတည်ပြုပြောသည်။

"သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အသီးသီးရဲ့ ထောက်ခံတင်ပြချက်နဲ့အတူ ရခိုင်ပြည်နယ်ပညာရေးအလုပ်အမှုဆောင်အဖွဲ့အစည်းဝေးဆုံးဖြတ်ချက်နဲ့ သူတို့တွေကို သူတို့တွေရဲ့ နေရာအသီးသီးကို ကျန်းမာရေးအရ၊ မိသားစုနေထိုင်ရေးအရ ပြောင်းရွှေ့ပေးလိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဆရာဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့ကို အကြိမ်ကြိမ်ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ဆရာဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ရုံးကိစ္စကြောင့် ဆိုင်ကယ်ဖြင့်သွားစဉ် လမ်းတွင် လက်နက်ကိုင်အချို့၏ပြန်ပေးဆွဲခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ပြန်ပေးဆွဲသမားများက ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်း ၅ဝ ပေးဆောင်ရန်တောင်းဆို၍ မောင်တောခရိုင်ထွေအုပ်နှင့် မြို့နယ်ပညာရေးမှူးတို့က ငွေလွှဲပေးခဲ့သည့်အတွက် ဇွန်လ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာတွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြန်ပေးဆွဲသမားများမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ဆိုသည်ကို လက်ရှိအချိန်အထိ မြန်မာအာဏာပိုင်များနှင့် ပြန်ပေးဆွဲခံခဲ့ရသည့် ကာယကံရှင်များက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...