ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)လူငယ်များကို နောက်ကွယ်မှ မြှောက်ပင့်၍ အသေခံ တိုက်ခိုင်းနေခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောဆိုမှုအပေါ် ၎င်းတို့အနေဖြင့် ပြောင်းပြန်ပြောဆိုနေခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ပြောခွင့်ရက ပြန်လည်တုန့်ပြန် ပြောဆိုခဲ့သည်။
ဇွန်လိုင်လ ၁ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီ ၁၆ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်းရှိ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ နှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ၏ ပြောဆိုမှုအပေါ် NUG အစိုးရ ပြန်ကြားရေး တာဝန်ခံ ကိုနေဘုန်းလတ်က ယခုလို ပြန်လည်တုန့်ပြန် လိုက်ခြင်း ဖြစ်သည်။
“စစ်ပွဲတစ်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုကတော့ ရှိပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့အခုလက်ရှိ မြေပြင်အခြေ အနေကတော့ စစ်ကောင်စီဘက်ကကျဆုံးမှုတွေက ဒီကျနော်တို့ PDFတွေ ကျဆုံးမှုထက် အဆပေါင်းများစွာ ပိုပြီးတော့များတာပေါ့နော်။ ခုနကပြောသွားတာတွေက အကုန်လုံးက လုံးဝပြောင်းပြန် တွေကြီးပဲ။ အမှန်တိုင်း ပြောရရင် စစ်ကောင်စီခေါင်းဆောင်တွေက ဒီအောက်ခြေစစ်သားတွေကို ထိုးကျွေးနေတာ သူတို့ရဲ့အာဏာ တည်မြဲရေးအတွက် ကြိုက်သလောက်သေစမ်း ငါတို့မှာအများကြီးရှိတယ်။ ကျနော်တို့ NUG အနေနဲ့က PDF လူငယ်တွေ တိုင်းရင်းသားတော်လှန်ရေးသမားတွေ တစ်ယောက်ကျဆုံးရင်ကို တစ်ယောက်ကျနော်တို့ အရမ်းတန်ဘိုးထားတာ။” ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် အခုလက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ၎င်းတို့ ထိန်းချုပ်ထား သည့် သတင်းဌာနများဖြင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး သတင်းအတုအယောင်များ ဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း၊ ၎င်းတို့ ထုတ်ပြန်မှုများသည် တကယ့်လက်တွေ့မြေပြင်အခြေအနေနှင့် ကွာခြားနေကြောင်း ကိုနေဘုန်းလတ်က ဆက်ပြောသည်။
ဆက်လက်၍ NUG အစိုးရ အနေဖြင့် မိမိရဲဘော်များ တတ်နိုင်သမျှ အကျအဆုံးနည်းအောင် အမြဲစဉ်းစား လုပ်ဆောင်လျက်ရှိပြီး စစ်ကောင်စီသာလျှင် ၎င်းတို့ စခန်းမကျဆုံးရေးနှင့် အာဏာလက်မလွှတ်ရရေးအတွက် အောက်ခြေစစ်သားများကို ထိုးကျွေးနေခြင်းဖြစ်ကြောင်းလည်း NUG အစိုးရ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဥကရစ်ထ ခြေကုပ်စခန်းကို KNU နှင့် PDF ဘက်မှ သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းကို မသိမ်းပိုက်နိုင်ဘဲ အထိအခိုက်အကျအဆုံးများခဲ့ကြောင်း၊ ထိုသို့ ထိခိုက်သေဆုံးမှုအများဆုံးမှာ PDF လူငယ် များသာဖြစ်ပြီး ၎င်းတို့ကို နောက်ကွယ်မှ မြှောက်ပင့်နေခြင်းဖြစ်ကြောင်းနှင့် လူငယ်များကို အသေခံခိုင်း၍ အလှူခံစားနေခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲနဲ့ပတ်သက်ပြီး အများအားဖြင့် သေတဲ့သူတွေ ထိခိုက်ဒဏ်ရာရတဲ့သူတွေသည် PDF အမည်ခံ အကြမ်းဖက်လူငယ်များသာဖြစ်တယ်။ သူတို့ သေသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ ကိုယ့်တိုင်းရင်းသား ကိုယ့်ပြည်သူတွေ သေတာပဲဖြစ်တယ်။ ဒါမျိုးတွေဖြစ်အောင် ဘယ်သူတွေက လုပ်ပေးနေလဲ၊ ဘယ်သူတွေက မြှောက်ပေးနေလဲ၊ ဒါတွေကို ဘယ်သူတွေက အလှူခံစားနေလဲဆိုတာကို ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေမှာ ဘာကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ရဲ့ လူငယ်လူရွယ်တွေကို အသေခံခိုင်းနေတာလဲ ၊ နောက်က မြှောက်ပေးတာဘယ်သူတွေလဲဆိုတာကို တွေ့ရမှာဖြစ်တယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ ခြင်းဖြစ်သည်။
ထိုပြောဆိုမှုနှင့်ပတ်သက်ပြီး လက်ရှိ မြေပြင်တွင် လက်တွေ့တိုက်ပွဲဝင်နေသည့် PDF လူငယ်များအနေဖြင့် လက်မခံဘဲ ယခု တော်လှန်ရေးအောင်မြင်အောင် တိုက်ပွဲဝင်သွားကြရန်သာ စိတ်အားထက်သန်ကြောင်း PDF အဖွဲ့ဝင် လူငယ်တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“စစ်ကောင်စီလုပ်တာ အကုန်လုံးအမှားတွေကြီးပဲလေ။ NUG ဆိုတာကလဲ၊ ပြည်သူ့တွေအားလုံးထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ပြည်သူ့အစိုးရပဲလေ။ NUG က နောက်ကွယ်ကနေပြီးတော့ လက်နက်ထောက်ပံ့ ပေးပြီးတော့ အသေခံခိုင်းနေတာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် တိုက်ချင်လွန်းအားကြီးလို့ လက်နက်ဝယ်ပြီးတော့ကို တိုက်နေကြတာ။ သေနတ်ရရင် ကျနော်တို့ကတော့အဆုံးထိတိုက်ပွဲဝင်သွားမယ်။ ဒီတော်လှန်ရေးကြီး အမြန်နိုင်မှ ကျနော်တို့အိမ်ကိုပြန်ရမယ်လေ။” ဟု သူက ပြောသည်။
ဇွန်လ ၂၆ ရက်နေ့မှစ၍ ဝေါလေဒေသ ဥကရစ်ထစစ်ကောင်စီစစ်ဆင်ရေးခြေကုပ်စခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO ပူးပေါင်းတပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်အထိအခိုက် အကျဆုံးများရှိခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း ပစ်ကူများကြောင့် စခန်းကုန်းတချို့ကိုသာ ပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းပိုက်နိုင်ခဲ့ပြီး ၅ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်းခဲ့သည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေချိန် ခြေကုပ်စခန်း မကျဆုံးရေးအတွက် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက် မှုကို ၅ ရက်ဆက်တိုက် ပစ်ကူပေးခဲ့သလို တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်မသက်ဆိုင်သည့် ကျေးရွာများထဲသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ဒေသခံအရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်များက ပြည်သူလူထုအပေါ် အကြမ်းဖက် ဖမ်းဆီး ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မှုကို လက်မခံသည့် အမြို့မြို့ အနယ်နယ်ရှိ လူငယ်များသည် တိုင်းရင်းသား လက်နက်ကိုင်ဒေသများသို့ ထွက်ပြေးခိုလှုံ၍ စစ်သင်တန်းများ တက်ရောက်ကာ စစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်ခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်။







