လတ်တလော အခြေအနေကာလမျိုးတွင် ရန်သူဘက်မှ သွေးခွဲသပ်လျှိုမှုများ ရှိနေချိန်ဖြစ်နေ၍ အချင်းချင်းကြား ယုံကြည်မှုမပျက်ရန် ဇူလိုင်လ ၅ရက် က ကျရောက်သည့် ၇၃နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်-KNLA နေ့အတွက်ပေးပို့သည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ မိန့်ခွန်းတွင် သတိပေး တိုက်တွန်း ထားသည်။
မြေပြင်အနေအထားတွင် စစ်ရေးအရ အရေးနိမ့်မှုများနေသည့် စစ်ကောင်စီအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားနှင့် အခြားသော လက်နက်ကိုင် အင်အားစုများအကြားတွင် ဝါဒဖြန့် သွေးခွဲမှုများရှိနေချိန် စစ်ဦးစီးချုပ်က ယခုလို သတိပေး တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“အခုချိန် အခြေအနေမျိုးမှာ ရန်သူရဲ့ ကြံစည်သပ်လျှို သွေးခွဲမှု အမျိုးမျိုးရှိနေတဲ့အချိန် အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်နေရပေမဲ့လည်း အချင်းချင်းကြားမှာ ယုံကြည်မှုရှိဖို့လိုပြီး စည်းလုံးညီညွတ်မှု၊ လက်တွဲဆောင် ရွက်မှု သဘောထားတစ်ခုတည်းဖြစ်မှုနဲ့ ဝေဖန်ဆန်းစစ်မှုတွေနဲ့ တပ်မတော်ရဲ့ အမိန့်ပေးမှုကို အတတ်နိုင်ဆုံး လိုက် နာဆောင်ရွက်သွားဖို့လိုတယ်။”ဟု ကရင်ဘာသာဖြင့် ထုတ်ပြန်သည့် ၎င်း၏တိုက်တွန်းချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စစ်တပ်မှ တိုင်းပြည်အာဏာကို အဓမ္မရယူထားခြင်းဖြစ်သောကြောင့် ၎င်းတို့နှင့်ချုပ်ဆိုထားသည့် အပစ်ရပ် (NCA)စာချုပ်မှာ အသက်မဲ့သွားပြီဖြစ်ကြောင်းနှင့် မြွေမသေ တုတ်မကျိုး ပုံစံမျိုးဖြင့် ဆက်လက် ကိုင်စွဲမနေသင့်တော့ ဘဲ ပထမဦးစားပေးအနေဖြင့် စစ်အာဏာရှင်စနစ်ဖြုတ်ချပြီး လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ဆက်လက် တိုက်တွန်းထားသည်။
လတ်တလောတွင် မြန်မာပြည်တစ်ဝှမ်း စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုင်းရင်းသား တော်လှန် ရေး လက်နက်ကိုင်အင်အားစုများနှင့် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေချိန် စစ်ကောင်စီဘက်မှ အရေးနိမ့်မှု ပိုမိုကြုံ တွေ့လာရသောကြောင့် တော်လှန်ရေးအင်အားစုများအကြား သပ်လျှိုသွေးခွဲသည့်ပုံစံဖြင့် ခွဲခြား၍ ငြိမ်းချမ်းရေးကမ်း လှမ်းတွေ့ဆုံမှုများ၊ မြေပြင်အနေအထားနှင့် ကွာခြားသည့် ဝါဒဖြန့် သတင်းစာရှင်းလင်းပွဲများ၊ သတင်းထုတ်ပြန်မှု ပုံစံ အမျိုးမျိုးဖြင့် လုပ်ဆောင်နေကြောင်း တွေ့ရသည်။
ထို့အပြင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီဘက်မှ ကမ်းလှမ်းထုတ်ပြန်ရာတွင်လည်း ၎င်းတို့နှင့် လက်နက် ကိုင်တိုက်ပွဲ အဓိက ဖြစ်ပွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ချန်လှပ်ကာ ကျန် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အပစ်မရပ်ရသေးသော အဖွဲ့အစည်းများကိုသာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြီး အဆိုပါဖိတ်ခေါ်မှုအပေါ် လက်နက်ကိုင်အင်အားစု ၇ဖွဲ့ တက်ရောက်ဆွေးနွေးပြောဆိုခဲ့သည်ကို တွေ့ရသည်။
ယနေ့ ကျရောက်သည့် ၇၃နှစ်မြောက် KNLA နေ့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုမှ သဝဏ်လွှာ ထုတ်ပြန်ရာတွင် လက်နက်ကိုင် တော်လှန်ရေးကာလဖြစ်နေ၍ သတင်းအချက်အလက်နှင့်ပတ်သက်ပြီး မျက်စိဖွင့်၊ နား စွင့်ကာ လုံခြုံရေးသတိရှိကြရန်လည်း သတိပေး တိုက်တွန်းထားသည်။
လက်ရှိအချိန် ကေအဲန်ယူနယ်မြေအတွင်း လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်နေချိန် သတင်းဆိုင်ရာ လုံခြုံရေးနှင့် ပတ်သက်၍ အထူးသတိပြုရန်နှင့် နိုင်ငံရေးနိုးကြားမှု ရှိစေရန် ကေအဲန်ယူအနေဖြင့် ယခုလို တိုက်တွန်းထားခြင်းဖြစ် သည်။
“ယနေ့ ကျရောက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့မှာ ကရင့်ခေါင်းဆောင်တွေ အားလုံးနဲ့ တော် လှန်သူအပေါင်းတို့အနေနဲ့ နိုင်ငံရေး နိုးကြားမှုရှိပြီး သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးနဲ့ ရဲဘော်ရဲဘက်များရဲ့ လုံခြုံရေးအတွက် နိုးကြားမှုရှိဖို့ ပန်ကြားလိုတယ်။ အထူးသဖြင့် လက်နက်ကိုင် တိုက်ပွဲကာလအတွင်း သတင်းအချက် အလက်ဆိုင်ရာ လုံခြုံရေးကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလို စစ်ရေးပြင်းထန်ရာဒေသများတွင် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် ပူးပေါင်း တပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲအတွင်း လူမှုကွန်ယက်များကို အသုံးပြု၍ Live လွင့်မှုများ၊ ရုပ်သံဖိုင်များ၊ ဓါတ်ပုံများကို ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် တင်ပြမှုများရှိသလို ၎င်းအပေါ် သတင်းမီဒီယာဌာနများမှ လိုက်လံ ကူးယူ ဖော်ပြမှုများလည်း ရှိနေ ချိန်တွင် ယင်းတိုက်တွန်းထုတ်ပြန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
၇၃နှစ်မြောက် KNLA နေ့အတွက် ခရိုင်၊ တပ်မဟာများတွင် အခမ်းအနားများဖြင့် ပြုလုပ်ကျင်းပခြင်းမရှိသော်လည်း KNU ထိန်းချုပ်နယ်မြေတချို့ရှိ စာသင်ကျောင်းများ၌ ပညာပေးဟောပြောပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့သလို ယနေ့ တွင်လည်း နေ့ထူးနေ့မြတ်အဖြစ် ကော်သူးလေ စာသင်ကျောင်းများကို ပိတ်ထားကြသည်။
၁၉၅၆ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့တွင် ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နှင့်အတူ ကရင့်လက်နက်ကိုင် တပ်မတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ တပ်မတော်ဖွဲ့စည်းပုံ စသည်များကို ရေးဆွဲချမှတ်၍ ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နှင့် ကရင့်လွတ်မြောက်ရေးတပ်မတော် ယခင် KPLA ၊ KPGF နှင့် KNDO ကရင်လက်နက်ကိုင် ၃ဖွဲ့ကို စုပေါင်း၍ လက်ရှိ KNLA ဖွဲ့စည်းပုံကို အတည်ပြုလိုက်ပြီး အဆိုပါအတည်ပြုသည့်နေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် မော်ခိုကွန်ဂ ရက်၌ ဆုံးဖြတ်ခဲ့သည်။
Published
Wednesday, July 06, 2022
ရန်သူ၏ သွေးခွဲသပ်လျှိုမှုများရှိနေချိန် အချင်းချင်း ယုံကြည်မှုရှိရန် KNLA နေ့တွင် စစ်ဦးစီးချုပ် တိုက်တွန်း







