တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်(မြိတ်)ခရိုင်၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့အကြား ဇွန်လ ၂၇ ရက်နေ့မှစ၍ ဇွန်လ ကုန်အထိ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၅ ရွာခန့်မှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံထံမှ သိရသည်။
နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် နီးစပ်သူဒေသခံတစ်ဦးက “၂၇ ရက်နေ့ ညနေ ၇ နာရီက စဖြစ်တာ အခုထိ ဆက်တိုက် ဖြစ်နေတုန်းပဲ။ ကျမမှတ်ထားသလောက်က တိုက်ပွဲဖြစ်တာ အကြိမ် ၂၀ ကျော်လောက်ရှိပြီး။ စစ်ကောင်စီဘက်က ၃ ယောက်ကျသွားပြီးလို့ ကြားတယ်။ ဒီဘက်ကတော့ ၂ ယောက် ထိခိုက် ဒဏ်ရာရထားတယ်။ အခုလည်း စစ်ကောင်စီဘက်က စစ်ကူတွေ ဆက်လာနေတုန်း၊ လေယာဉ်ကလည်း ဝဲနေတုန်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လတ်တလောတွင် ပုလောမြို့နယ်အတွင်းရှိ မကျဉ်ကုန်း၊ ကျောင်းနိပ်၊ နန်းတောင်၊ မော်မိ နှင့် ဂျင့်ဂါ စသည့် ကျေးရွာ ၅ ရွာမှ ဒေသခံများ အားလုံးနီးပါး စစ်ဘေးရှောင်နေကြရပြီး ပုလောမြို့အတွင်း၌လည်း အစစ်အဆေး ပိုမိုတင်းကြပ် လုပ်ဆောင်လာကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။
လက်ရှိ စစ်ဘေးရှောင်နေရသူများတွင် အမျိုးသမီး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအများအပြားပါဝင်ကာ ကျေးရွာ ၅ ရွာမှ ခန့်မှန်းခြေလူဦးရေ နှစ်ထောင်နီးပါးရှိနိုင်ကြောင်း နှင့် ၎င်းတို့အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာနေရာထိုင်ခင်းများ လိုအပ်နေကြောင်းလည်း ထိုဒေသခံ အမျိုးသမီးက ဖြည့်စွက်ပြောသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ၊ လယ်မူလားမြို့နယ်ဘက်တွင်လည်း ၂၀၂၁ခုနှစ် ဇွန်လဆန်းပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁,၄၀၀ ကျော်လည်း လက်ရှိတွင် စားနပ်ရိက္ခာနှင့် အရေးပေါ်ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ဒေသခံများက ပြောသည်။
ယခုလဆန်းပိုင်း ၁၀ ရက်နေ့ကလည်း ပုလောမြို့နယ်အတွင်းရှိ ပုလောကုန်း၊ နတ်အိမ်တောင်နှင့် ရှမ်းဒွတ် ကျေးရွာဘက်သို့ တပ်ဖွဲ့ဝင်အင်အား ရာနှင့်ချီသည့် စစ်ကောင်စီစစ်ကြောင်း ထိုးတက်လာ၍ ဒေသခံ အရပ်သား ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို ကျောင်းနိပ်ကျေးရွာအတွင်းရှိ နေအိမ်တချို့ကို လည်း စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။







