ဥကရစ်ထတိုက်ပွဲတွင် လေးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ပြည်သူ ၁၅၀၀ ကျော် ထိုင်းနယ်စပ်သို့ တိမ်းရှောင်

ဥကရစ်ထတိုက်ပွဲတွင် လေးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ပြည်သူ ၁၅၀၀ ကျော် ထိုင်းနယ်စပ်သို့ တိမ်းရှောင်

တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့် မြဝတီတောင်ဘက် ဝေါလေ-ဥကရစ်ထကျေးရွာတွင် ယနေ့ စစ်ကောင်စီဘက်မှ လေးရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီး ဒေသခံပြည်သူ ၁,၅၀၀ ကျော်လည်း ထိုင်း-မြန်မာ နယ်စပ်ကမ်းနံဘေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့က စတင်ဖြစ်ပွားသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်မှ စစ်ကောင်စီ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေ၊ ရွှေအေးမြိုင်၊ ဥကရစ်ထ၊ ဝါ့မီကလား စသည့်ကျေးရွာ ၄ရွာမှ ဒေသခံရွာသား ၁,၅၀၀ ကျော် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းပေါ်ရှိ ဝေါလေချောင်းနံဘေးနှင့် ပြောင်းခင်းတဲများတွင် သွားရောက်တိမ်းရှောင်ခိုလှုံနေကြသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူ အမျိုးသမီးတစ်ဦးက သိရသည်။

၎င်းက “အခု တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပါပဲ။ ရွာ ၄ ရွာက ပြည်သူတွေကတော့ နယ်စပ်တောင်ယာ တဲတွေမှာ၊ ပြောင်းခင်းတဲတွေမှာ၊ ဝါးရုံအောက်တွေမှာ အဆင်ပြေသလို ခိုလှုံနေကြတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ သူတို့ကို လိုအပ်တဲ့အစားအသောက်၊ အဝတ်အစားစတာတွေကို အသိမိတ်ဆွေတွေကပဲ ကူညီပေးပါတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယနေ့နံနက် ၂ နာရီအချိန်တွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဝေါလေ ချောင်းနံဘေး၌ ခိုလှုံနေသော စစ်ရှောင်အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်ဟုလည်း ၎င်းစစ်ရှောင် ကူညီပေးသူက ဆက်ပြောသည်။

ဥကရစ်ထတိုက်ပွဲတွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်က လာရောက်ကြဲချသွားသော ဗုံးဆံမှာ ယခင်ရက်ကလာရောက်ကြဲချသော ဗုံးဆံများထက် အရွယ်အစားပိုမိုကြီးမားပြီး ပေါက်ကွဲအားလည်း ပိုမိုပြင်းထန်သည်ဟု KNDO ဗဟိုဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက ” ဒီနေ့ ၄ ရက်မြောက် ဗုံးကြဲတိုက်ခိုက်မှုကတော့ ပေါက်ကွဲအား အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။ အသံကလည်း ပိုမိုကျယ်လောင်သလို မြေကြီးတုန်ခါမှုလည်း တော်တော်ပြင်းထန်တယ်။ တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပါပဲ”ဟု ပြောသည်။

KNDO ပူးပေါင်းတပ်နှင့်စစ်ကောင်စီတို့အကြား ဖြစ်ပွားသည့် ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ ရက်ကြာလာသည့်နှင့်အမျှ နှစ်ဘက်ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသလို အရပ်သားထိခိုက်သေဆုံးမှုလည်းရှိ လာသည်ဟု တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရှိသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးရေး သားထုတ်လွှင့်နေသည့်အပေါ် ယမန်နေ့ ဇွန်လ ၂၉ရက်နေ့စွဲဖြင့် KNDO ဗဟိုမှ ပြည်သူလူထုထံသို့ မေတ္တာရပ်ခံ စာတစ်စောင်ထုတ်ပြန်ခဲ့ရာတွင် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ဓာတ်ပုံများနှင့် ဗီဒီယိုများအား မိမိတို့အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ KNDO ဗဟိုမှ ထုတ်ပြန်မည့်သတင်းမှာ အမှန်ဖြစ် ကြောင်းနှင့် အတည်ပြုမနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း ပြောဆိုထားသည်။

ဝေါလေ-ဥကရစ်ထကျေးရွာဘက်တွက် တိုက်ပွဲပြင်းထန်သကဲ့သို့ ယမန်နေ့ညတွင်လည်း လေးကေ့ကော်ဒေသ ရသေ့၊ ကျောက်ဂူ၊ လေးကပေါ်ရေတံခွန်ဘက်နှင့် ကော့ကရိတ်တောင်ပိုင်း မိကသိန်ကုန်းဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ စစ်ရေးတင်မားလျက်ရှိသည်ဟု သိရသည်။

April 19, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC ၏ ဧပြီလ(၁၆)ရက်နေ့ရက်စွဲပါ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်...
KIC (စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိမှန်ပျက်စီးသွားသော ကော့ကရိတ်ဒေသခံ နေအိမ်)
April 19, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားသည့် မြဝတီမြို့ကို...
April 19, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC ၏ ဧပြီလ(၁၆)ရက်နေ့ရက်စွဲပါ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်...
April 11, 2024
မောင်ကျော်စွာ — ဒီနှစ်ရက် သုံးရက်အတွင်း မြဝတီမြို့နဲ့ပတ်သက်တဲ့သတင်းတွေက...