စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစနှင့် တစ်နှစ်အောက် ကလေးငယ်များအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံကြရမည့် ကာကွယ်ဆေးများကို အများစု မရကြသေးသည့်အတွက် ရောဂါကူးစက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ကလေးမိခင်များက ပြောသည်။
ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မေးခိုင်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံရသလို မွေးကင်းစနှင့် အသက် ၁ နှစ်ခွဲ ကလေးငယ်များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကာကွယ်ဆေးအမျိုးအစားအလိုက် ထိုးနှံကြရမည်ဖြစ်သော်လည်း အများစုမှာ ကာကွယ် ဆေးမရကြသေးဟု သိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်နေ စောဖိုးမူးက “ မိန်းမကိုယ်ဝန်စရကတည်းက ကာကွယ်ဆေးမရခဲ့ဘူး။ ကလေး ၁၁ လရှိပြီး ခုထိကလေးရော မထိုးရသေးဘူး။ ရွာက အစိုးရဆေးခန်းမှာလည်း ဆေးမလုံလောက်လို့ ပြန်လာခဲ့ရတယ်။ အများစုက ခုချိန်ထိ ကိုယ်ဝန်သည်ရော ကလေးရော မထိုးနှံကြသေးဘူးပေါ့နော်။ ခုခေတ်က ရောဂါကပေါများတာနဲ့ ကလေးအတွက် စိုးရိမ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။
မြို့နယ်အသီးသီးရှိ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနဆေးခန်းများတွင် ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က ကိုယ်ဝန်ဆောင်သည် များနှင့် ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသော်လည်း ဌာနေဒေသများရှိ ကျေးလက်ဆေးခန်းများတွင် ဆေးဝါးလုံလောက်မှု မရှိသည့်အတွက် ဒေသခံအများစု ကာကွယ်ဆေး မထိုးနှံခဲ့ကြရကြောင်း ကလေးမိခင်များထံမှ သိရသည်။
“ သမီးကိုယ်ဝန်ဆောင်မှာ တစ်ခါမှ မထိုးဖြစ်ဘူး။ အခု ကလေး ၁ နှစ်ပြည့်ခါနီးမှ ကာကွယ်ဆေး ခုတစ်ကြိမ်ပဲ ရသေးတယ်။ သွားရလည်းဝေးတယ်။ တစ်ခါတစ်လေ ထိုးနေမှန်းလည်း မသိခဲ့ရဘူး။ ဘယ်သူမှလည်း မပြောပြဘူး။ အရင်က ရွာအထိ ဆင်းထိုး ပေးတယ်လေ။ ဆေးရုံမှာ ထိုးပေးတယ်ပြောတယ်။ ဝေးတော့လည်း သွားရအဆင်မပြေဘူး။ ပုံမှန်ဆို ၅ ကြိမ်၊ ၆ ကြိမ်ထိုးရမယ့်ဟာကို ခုမှတစ်ကြိမ်ရတယ်ဆိုတော့ ကလေးအတွက် စိတ်ပူတယ်ပေါနော်” ဟု ဝင်းရော်ဒေသမှ နော်မူမူက ကေအိုင်စီသို့ပြောသည်။
မွေးကင်းစ ကလေးငယ်တစ်ဦးလျှင် အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးနှင့် ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတို့ကို မွေးပြီး ၂ လမှ အသက် ၁ နှစ်ခွဲအထိ သတ်မှတ်ထားသည့် ဆေးအတိုင်း ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ကျွေးရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်မှ CDM ဆရာဝန်တစ်ဦးက “ ပုံမှန်က ကလေးမွေးပြီး ၂ လမှာ ကာကွယ်ဆေး စထိုးလို့ရတယ်။ ကိုယ်ဝန် ဆောင်သည်တွေမှာက ၂ ကြိမ်ထိုးရတယ်။ ကာကွယ်ဆေးတွေကျတော့ အစိုးရမှာပဲ ရတယ်ဆိုတော့လေ။ ကျနော်တို့ကိုယ်ထူကိုယ်ထ ဆေးခန်းတွေမှာ မရှိသေးဘူးပေါ့နော်။ သူတို့ကျေးလက်ကျန်းမာရေးဌာနမှာက ထိုးပေးတယ်။ ဆေးမလုံလောက်ဘူးပြောတယ်။ ကျနော်တို့ကတော့ အားလုံးထိုးလို့ရအောင် ကြိုးစားပေးနေဆဲပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။
ကာကွယ်ဆေးထိုးနှံမှုကို လာမည် ဇူလိုင် ၁ဝ ရက်နေ့တွင် မြို့နယ်နှင့် ကျေးလက်ကျန်းမာရေးဌာန အသီးသီးရှိ ဆေးခန်းများတွင် ကာကွယ် ဆေးထိုးနှံပေးမည်ဟု ကျန်းမာရေးဝန်ထမ်းများအား အသိပေးထားသော်လည်း ဆေးမထိုးနှံရသေးသည့် ဦးရေများသည့်အတွက် ဆေးလုံလောက်မှု မရှိမည်ကို ကလေးမိခင်များက စိုးရိမ်နေလျက်ရှိသည်။







