ရပ်/ကျေး ပြည်သူ့ ကာကွယ်ရေး ဖွဲ့စည်းရန် စစ်ကောင်စီ ညွှန်ကြား

ရပ်/ကျေး ပြည်သူ့ ကာကွယ်ရေး ဖွဲ့စည်းရန် စစ်ကောင်စီ ညွှန်ကြား

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာများ အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း ရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ရပ်ကွက်/ကျေးရွာအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တစ်ဖွဲ့လျှင် လူအင်အား ၆၀ အနည်းဆုံးဖြင့် ဖွဲ့စည်း ရန် ရပ်ကွက်နှင့်ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ်ရဲတပ်ဖွဲ့မှူးက စေခိုင်းခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ ဝင်အချို့၏ ပြောပြချက်အရ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “ပြည်သူ့အုပ်ချုပ်ရေး ခေါင်းစဥ်အောက်ကနေပြီး ဒီအဖွဲ့ကို ဖွဲ့ခိုင်းတာ။ ဇွန်လမကုန်ခင် အပြီး” ဟု ပြောသည်။

ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ စစ်မှုထမ်းဟောင်းများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ မဘသအဖွဲ့ဝင်များ၊ စစ်တပ် ထောက်ခံသူများ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖွဲ့စည်းရမည်ဖြစ်ပြီး သင်တန်းတက် ရောက်ပြီးပါက လက်နက်တပ်ဆင်ပေးည် ဖြစ်သည်ဟု အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်က ဆိုသည်။

သာပေါင်းမြို့နယ် သဲဖြူကျေးရွာသား တစ်ဦးက “ရွာမှာလည်း အုပ်ချုပ်ရေး အင်အားတိုးမြှင့် ဖွဲ့စည်းရမယ်ဆိုပြီး မြို့နယ်က ခိုင်းလို့ လူ ၆၇ ယောက်ပါတဲ့ အဖွဲ့ကို ဖွဲ့ရမှာ လူရှာနေတယ်” ဟု ပြောသည်။

ကြံခင်းမြို့နယ်တွင်လည်း ပြည်သူ့လုံခြုံရေးအတွက် ကာကွယ်ရေးအဖွဲ့ ဖွဲ့ရန် ရွေးကောက်ပွဲတွင် အထူးရဲ အဖြစ် လုပ်ကိုင်ခဲ့သူများ၏ အမည်စာရင်းကို ပြုစုနေသည်ဟု မြို့နယ်အုပ်ချုပ်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ထို့အပြင် ညောင်တုန်းမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအပြင် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး များကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စစ်သင်တန်းတက်ရန် ပြောဆိုမှုများရှိကြောင်း ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့ က ပြောသည်။

ညောင်တုန်းမြို့နယ်ရှိ ရာအိမ်မှူးတစ်ယောက်က “စစ်သင်တန်းတက်ပြီးသွားရင် လက်နက်နဲ့ ဆန်တစ်အိတ်၊ ပိုက် ဆံ ၁၀ သိန်း ပေးမယ်လို့လည်း ပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ လက်အောက်ခံ စစ်သားနှင့်ရဲများကို တိုက်ပွဲပြင်းထန်သည့် ဒေသများသို့ ပို့ထားရသဖြင့် စစ်အေး ဒေသဖြစ်သည့် ဧရာဝတီတိုင်းအတွင်း ပြည်သူ့အုပ်ချုပ်ရေး ခေါင်းစဥ်အောက်မှ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် များကို စစ်သား၊ ရဲများနှင့် ရောနှောကာ လုံခြုံရေးကိစ္စများကို လုပ်စေရန် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ပုသိမ်မြို့ရှိ စစ်မှူထမ်းဟောင်းတစ်ဦး က ဆိုသည်။

လက်ရှိအခြေအနေတွင်လည်း ဧရာ၀တီတိုင်းအတွင်း ပြည်သူ့စစ်အမည်ခံများ၊ ပျူစောထီးများ၊ စစ်မှူထမ်း ဟောင်း အချို့၊ အရံမီးသတ်များနှင့် အုပ်ချုပ်ရေးအဖွဲ့များသည် စစ်သားများ၊ ရဲများနှင့် ပေါင်းကာ လုံခြုံရေးကို အကြောင်းပြ၍ ပြည်သူများအား ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...