NUG.လက်အောက်ခံ အဖွဲ့တွေက မန်ခိန်အထက်တန်းကျောင်းကို မီးရှို့တယ်လို့ သတင်းမှားဖြန့်

NUG.လက်အောက်ခံ အဖွဲ့တွေက မန်ခိန်အထက်တန်းကျောင်းကို မီးရှို့တယ်လို့ သတင်းမှားဖြန့်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မန်ခိန် အထက်တန်းကျောင်းကို NUG လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့သွား တယ်ဆိုပြီး MHT News ဆိုတဲ့ Facebook စာမျက်နှာက ဇွန်လ ၁၅ ရက်နေ့က ရေးတင်ထားတာကို တွေ့ရပါ တယ်။

"မြစ်ကြီးနားမြို့ရှိ မန်ခိန်အထက်တန်းကျောင်းကို NUG လက်ပါးစေ အကြမ်းဖက်များက မီးရှို့ဖျက်ဆီး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပြီး အဲ့ဒီအထဲမှာဆိုရင် “ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းကို ယနေ့ (ဇွန် ၁၅ ရက်) နံနက် ၂ နာရီခွဲ အချိန်ခန့်က NUG လက်ပါးစေ အကြမ်းဖက်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်” ဆိုပြီး (မူရင်း အရေး အသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ မနက်အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မန်ခိန် အထက်တန်းကျောင်း မီးလောင် သွားတာ မှန်ပေမယ့် ကျောင်းမီးလောင်တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း ဘယ်သူဘယ်ဝါက ရှို့သွား တယ် ဆိုတာကို သေသေချာချာ မသိရသေးပဲ MHT News က NUG လက်ပါးစေအဖွဲ့တွေက ရှို့သွားတယ်လို့ ဒေသခံ တွေက ပြောတယ်ဆိုပြီး လိမ်ညာ ဝါဒဖြန့်ပြီး စွပ်စွဲရေးသားထားလို့ပဲဖြစ်ပါတယ်။

မန်ခိန်ရပ်ကွက်က ဒေသခံတွေကို မေးမြန်းတဲ့အခါမှာတော့ NUG လက်အောက်ခံ အဖွဲ့အစည်းတွေက  မန်ခိန် အထက်တန်းကျောင်းကို မီးရှို့သွားတယ်လို့ ပြောဆိုတာတွေ မရှိပဲ မသမာသူတွေက ရှို့သွားတာ ဖြစ်နိုင် ခြေရှိ တယ်လို့သာ ဖြေဆိုကြပါတယ်။

ဒါ့ပြင် ယုံကြည်စိတ်ချရတဲ့ ကချင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေက ဒေသခံတွေကို မေးမြန်းပြီး ရေးသား ထားတဲ့ သတင်းတွေထဲမှာဆိုရင်လည်း မီးလောင်တဲ့အချိန်ဟာ မနက် ၂ နာရီကျော် ဖြစ်တဲ့အတွက် ဘယ်အဖွဲ့ အစည်း ဘယ်သူဘယ်ဝါက ရှို့သွားတယ်ဆိုတာကို မသိကြဘူးလို့သာ ဖြေဆိုထားကြတာကို တွေ့ရပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်တွေလည်း ရှိသေးတာမို့ သာမာန်လူတွေ ဒါမှမဟုတ် လုံခြုံရေး အဖွဲ့အစည်းမဟုတ်တဲ့ လူပုဂ္ဂိုလ်တွေကလည်း အဲဒီအချိန်မှာ အပြင် မထွက်ကြပါဘူး။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အခြေစိုက် ကချင်သတင်းဌာန KNG က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/39DLE6r တွေ့နိုင်သလို Kachinwaves https://bit.ly/3zOABlx ၊ မြစ်ကြီးနားဂျာနယ် https://bit.ly/3QtiJlY တို့ရဲ့ သတင်းတွေကို ဒီမှာ ဝင်ကြည့်လို့ရတဲ့အပြင် သတင်းနှင့်မီဒီယာ ကွန်ရက် NMG က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3b46g84 တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါမှာ MHT News ဆိုတဲ့ Facebook စာမျက်နှာက ရေးသား ထားတဲ့ သတင်းဟာ NUG နဲ့ NUG လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ PDF နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဟာ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်တယ်။ ကျောင်းမီးရှို့တယ်လို့ ပြည်သူတွေနဲ့ နိုင်ငံတကာ က အထင်အမြင် မှား အောင် တမင်ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဖို့ လိမ်ညာရေးသားထားတဲ့ သတင်းအမှားဖြစ် တယ်ဆိုတာကို တွေ့ရပါ တယ်။

အခုအချိန်မှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက် ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင် စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာ ကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...