မွန်ပြည်နယ်က ဟိုတယ်လုပ်ငန်း အများစု ပြိုကျလုနီးပါး ဖြစ်လာ

မွန်ပြည်နယ်က ဟိုတယ်လုပ်ငန်း အများစု ပြိုကျလုနီးပါး ဖြစ်လာ

မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုနဲ့အတူ စစ်တပ် အာဏာသိမ်းမှု ဒဏ်ကြောင့် ပြိုကျလုနီးပါး ဖြစ်လာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသလောက် နည်းပါးလာတာ၊ စက်သုံးဆီနဲ့ အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ ဟိုတယ်လုပ်ငန်းတွေကို စစ်ကောင်စီက မရမက ပြန်လည် ဖွင့်လှစ်ခိုင်းတာကြောင့် လုပ်ငန်း လည်ပတ်နေကြရပေမယ့် ဟိုတယ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ဟာ စီးပွားရေး ကျဆင်းမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်းတွေဟာ ချေးယူထားတဲ့ ချေးငွေကို ပြန်မဆပ်နိုင်သေးသလို ခေါင်းမထောင်တော့တဲ့အထိ အထိနာနေတယ်လို့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကိုဗစ် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဟိုတယ်တွေက ခေါင်းမမော့နိုင်အောင် အထိနာ ခဲ့ကြပြီးတော့မှ ချေးငွေတွေ အများကြီး ယူခဲ့ကြတာပေါ့နော်၊ မပေးဆပ်နိုင်တဲ့ အခြေအနေတွေ ထိတောင် အခုထိ ခေါင်းမထောင်နိုင် သေးပါဘူးဗျာ၊ ဘာလို့ဆိုတော့ တစ်ခါ မီးကလည်း တစ်ခါ ပြန်ပြတ်တော့ ဒီဇယ်ဆီဖိုး တွေကလည်း ဒီနေ့ရှာတဲ့ ပိုက်ဆံက ဒီနေ့ ဆီဆိုင်ကို အကုန်ပြန်ပေးတဲ့ ပုံစံဖြစ်နေတယ် ကျွန်တော်တို့ကလေနော်၊ ပိတ်ထားတဲ့ ဟိုတယ်ကတော့ မဖွင့်သေးတာ (၁၂)လုံးလောက် ရှိသွားပြီးနော်၊ ကျွန်တော်တို့က လုပ်ငန်းကျဆင်းလာတာ (၇၅) ရာခိုင်နှုန်းလောက်ထိ ကျနေတာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ ဟိုတယ်လုပ်ငန်းတွေဟာ ချေးငွေ ပြန်မဆပ်နိုင်တာကြောင့် ဘဏ်တွေက သိမ်းယူမယ်ဆိုတဲ့အထိ သတိပေးတာတွေ ကြုံလာရသလို တချို့ဟိုတယ်တွေကတော့ ရောင်းချဖို့ထိ ပြင်ဆင်လာကြပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ အရှုံးနဲ့ရင်ဆိုင်နေရတာကြောင့် ဝန်ထမ်းတွေ လျော့ချလာရသလို ဟိုတယ်တွေ ဖွင့်ထားတယ် ဆိုရုံလောက်သာ လုပ်ငန်း လည်ပတ်နေကြတာပါ။

ဟိုတယ်လုပ်ငန်းတွေ အထိနာနေတာဟာ နိုင်ငံရေး မတည်ငြိမ်တာအပြင် လုံခြုံမှု မရှိတာကြောင့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် ဝင်ရောက်မှု နည်းပါးလာတဲ့ အခြေအနေနဲ့ အဓိက သက်ဆိုင်နေတယ်လို့ ဝါရင့်ဧည့်လမ်းညွန် တစ်ဦးက မှတ်ချက်ပြုပါတယ်။

“ဝင်ရောက်နိုင်မှု နည်းတာကို မျှော်လင့်တယ်၊ နည်းတယ်လို့လည်း ယူဆတယ်၊ ခရီးသွား လာဖို့ မရှိဘူး၊ ဒါဆို ကျွန်တော်တို့က အပြတ်တောင် ပြောလို့ရတယ် ခရီးသွား လာဖို့ မရှိဘူး လုံခြုံမှု မရှိတဲ့ အတွက်ကြောင့်”လို့ ဆိုပါတယ်။

ဒါကြောင့် ဟိုတယ်လုပ်ငန်းတွေ ပြန်လည် နလံထူဖို့ဆိုရင် စစ်ကောင်စီက တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ညမထွက်ရအမိန့် အပါအဝင် လုံခြုံမှုရှိအောင် ဖန်တီးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းပေါင်း (၇၆)လုံး ရှိနေတာ ဖြစ်ပြီး ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းဒဏ်ကို အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...