အာဏာသိမ်း စစ်ကောင်စီကို ခုခံတွန်းလှန်စစ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ပွဲပုံစံပြောင်းဖို့ အဆင်သင့် ဖြစ်နေပြီးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ဖော်ပြောဆိုလာတာပါ။
အမျိုးသားညီညွတ်ရေအစိုးရ NUG ဟာ နိုင်ငံတဝန်း ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ကြေညာခဲ့တာ အခုဆိုရင် ၉ လကျော်ကာလအတွင်းကို ရောက်ရှိလာပြီး ဖြစ်ပါတယ်။
၉ လကျော်ကာလအတွင်းမှာတော့ စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်စစ်ကနေ တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ပွဲပုံစံပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီးလို့ ဇွန် ၂၁ ရက်က ပြုလုပ်တဲ့ NUG အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာပါ။
ဒါပေမယ့် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ပွဲပုံစံပြောင်းလဲမယ့် အချိန်ကာလကိုတော့ NUG ဘက်က ပြောဆိုသွားတာ မရှိပါဘူး။
NUG အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မယ့် စစ်ပွဲ ပုံစံပြောင်းဖို့ အဆင်သင့် ဖြစ်ပြီးလို့ ပြောဆိုတဲ့အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘယ်လိုတုံ့ပြန်ပါလဲ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ သခင်မျိုးဆက်က အခုလိုပဲ ပြောပါတယ်။
“တိုက်စစ်ဖော်ဖို့ အတွက် တစ်ဖက်မှာ လက်ရုံးရည်၊နှလုံးရည်ကလည်း ပြီးနေပြီ။တစ်ဖက်ကလည်း လက်နက်တပ်ဆင်တဲ့အပိုင်းကလည်း ပြီးသင့်သလောက်ကို ပြီးနေပြီဖြစ်တဲ့အတွက်မို့ မကြာခင် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ချက်တွေက တစ်ဖြည်းဖြည်းနဲ့ ပုံပေါ်လာတော့မှာပါဗျ”လို့ သူက ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ ၁၅၀၀၀ သေဆုံးထားပြီး ၄၈၀၀ ကျော် ဒဏ်ရာရရှိ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံကတော့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ဖို့ ပြင်ဆင်ထားပေမယ့် လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က ပြင်ဆင်ထားပါတယ်။ပြင်ဆင်ချက် အသေးစိတ်ကိုတော့ တစ်ချို့ကျ မပြော ချင်သေးလို့ ။ပြီးတော့ လိုအပ်ချက်တွေက ရှိပါသေးတယ်။ လက်နက်ခဲယမ်း လိုအပ်ချက် တွေတော့ အနည်းနဲ့အများ ရှိပါတယ်။စစ်ကောင်စီကို တော်လှန်ဖို့အတွက် ကျွန်တော်တို့က ဆက်လုပ်သွားမှာပါ”လို့ သူက ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ လက်နက်ဖြန့်ဖြူးရေးကိစ္စမှာ တော်လှန်ရေးပြင်းထန်နေတဲ့ ဒေသတွေကို ဦးစားပေး ပို့ပေးနေပြီး ရရှိထားတဲ့ ဘတ်ဂျက်ပေါ် မူတည်ကာ လက်နက်ဝယ်ယူရေးနဲ့ ဖြန့်ဖြူးရေးတို့ကို စနစ်တကျ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝချေဖျက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာမို့ နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ စစ်အုပ်စုကို ချေမှုန်းဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဇွန် ၁၄ ရက်မှာ အတိအလင်းပြောဆိုထားပါတယ်။
NUG က နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း (၂၅၀) ကျော် ဖွဲ့စည်းထားပြီး မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ ဖွဲ့စည်းထားပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် မေ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတိုက်ခိုက်မှုပေါင်း ၄၆၀၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။







