စစ်ကောင်စီတပ်၏ ပူတာအို ထောက်ပို့ ခရီးစဉ်တွင် စစ်သား ၃၀ ကျော် သေဆုံးပြီး ၆၀ ကျော် ထိခိုက်

စစ်ကောင်စီတပ်၏ ပူတာအို ထောက်ပို့ ခရီးစဉ်တွင် စစ်သား ၃၀ ကျော် သေဆုံးပြီး ၆၀ ကျော် ထိခိုက်

မြစ်ကြီးနား မှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ခဲ့သော စစ်ကောင်စီ စစ်ကြောင်းကို တစ်လအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လမ်းတစ်လျောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များတွင် စစ်ကား ၅ စီး ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးကာ ၆၀ ကျော် ထိခိုက်ခဲ့သည်ဟု KIA တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သော မေလ ၁၁ ရက်နေ့မှ စတင်ပြီး မြစ်ကြီးနားဘက်မှ စစ်အင်အား ၅၀၀ ဝန်းကျင်အပါ စစ်ရိက္ခာသယ်ဆောင်သည့် စစ်ကား ၈၀ စီးခန့်ပါသော ယာဉ်တန်းကို ပူတာအို အတက်လမ်းတွင် ၅ကြိမ်ထက်မနည်းနှင့် ယခု ဇွန်လ အဆင်းလမ်းတွင် ၇ ကြိမ်ခန့် ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် ယနေ့အထိ တိုက်ပွဲပေါင်း ၁၂ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“စတက်လာတဲ့အချိန်တုန်းကတော့ စစ်အင်အား ၁၅၀ လောက်ပါတဲ့အဖွဲ့နဲ့ စဖြစ်ကြတာဟုတ်တယ်။ အတက်ပိုင်းမှာဘဲ တိုက်ပွဲဖြစ်တာ ၅ကြိမ်လောက်ရှိတယ်။ အဲ့ထဲမှာ သူတို့ရဲ့ ရိက္ခာသယ်လာတဲ့ စစ်ကား ၄စီးပါတယ်။ သေဆုံးတဲ့သူက ၁၀ယောက်အထက်ရှိတယ်။ အဆင်းဘက်မှာ ခင်ဒူနဲ့ ဖုန်ကျန်းနားမှာ ပြန်ဖြစ်တဲ့နေရာမှာက ကားတစ်စီးပြန်သွားတယ်။ နောက် မိုင်ထောင်းနဲ့ ခဂရန်းကြားမှာ ပြန်ဖြစ်တဲ့နေရာမှာလည်း တော်တော်ထိသွားကြတယ်။ အဲ့ကြောင့် မနေ့ကအထိ တိုက်ပေါင်း ၁၂ နေရာမှာ ၁၂ကြိမ်ဖြစ်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်တွင် စစ်ကောင်စီဘက်မှ အတက်လမ်းတွင် ၁၀ ဦးကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ ၂၀ ဝန်းကျင်အထိရှိခဲ့ကြောင်းနှင့် အဆင်းတွင် သေဆုံးသူ ၂၀ ဝန်းကျင်အထိရှိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၀ ဦးအထိရှိခဲ့သောကြောင့် တစ်လအတွင်း စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်ရာတွင် သေဆုံးသူ စုစုပေါင်း ၃၀ ခန့်နှင့် ထိခိုက်ဒဏ်ရာရှိသူ ၆၀ ဦးအထိရှိခဲ့သည်ဟု ဆက်လက်ပြောဆိုထားသည်။

စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့သော နေရာများအနက် ဇွန်လ ၁ ရက်နေ့ ခင်ဒူယန်(Hkin Du Yang)နှင့် ဖုန်ကျန်း(Hpung Chyan) ကျေးရွာ ၂ခုကြား၊ ဇွန်လ ၁၀ ရက်နေ့ တစ်ရက်အတွင်း ဇနန်ချောင်းကူးတံတား (Za Nan Hka)အနီးနှင့် မိုင်ထောင်း (Mai Htawng Mare) နှင့် ခဂရန်း (Hka Garan Mare) ကျေးရွာ ၂ခုကြားရှိ ဝဘော်(Wa Baw Mare)အနီး၊ ဇွန်လ ၁၂ ရက်နေ့ ခဂရန်းရွာအထက် အနီးတဝိုက်ရှိသော လမ်းခုလပ်တစ်နေရာ စသော ၄ နေရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည်ဟု KIA ဘက်မှ ပြောဆိုသည်။

အထူးသဖြင့် ဇွန်လ ၁၂ ရက်နေ့ ခဂရန်းကျေးရွာအထက် တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များပြားသည့်အတွက် ထိခိုက်ဒဏ်ရာရှိသူများကို ခဂရန်ကျေးရွာသို့ ပြန်လည်သယ်ဆောင်ယူခဲ့ပြီး ဆေးကုသမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ချို့၏ ပြောဆိုချက်မှ သိရသည်။

ယခုအကြိမ် မြစ်ကြီးနားဘက်မှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ရာတွင် စစ်ကောင်စီတပ် ခလရ ၁၃၇ ၊ ခလရ ၁၃၈ ၊ ခလရ ၁၄၂ ၊ ခလရ ၂၉၈ ၊ ခလရ ၃၂၁ တို့ပါဝင်ပြီး အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့၊ ဦးရွှေမင်းဦးဆောင်သော ပြည်သူ့အဖွဲ့ နှင့် ဦးအတန်ပြည်သူ့စစ်တို့လည်း ပါဝင်သည်ဟု ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

စစ်ကောင်စီယာဉ်တန်းကို တစ်လကျော်အတွင်း ဆွမ်ပရာဘွမ့်နှင့် ပူတာအို မြို့နယ် ၂ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ရင်း ၇ ၊ ၁၀၊ ၂၂ တို့က သက်ဆိုင်ရာ နေရာဒေသ အသီးသီးတွင် တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

မေလ ၁၁ ရက်နေ့ စတင်ခဲ့သော စစ်ကောင်စီ၏ ရိက္ခာပို့ စစ်ကြောင်းသည် ယမန်နေ့ တွင် မြစ်ကြီးနားမြို့နယ်ဘက်သို့ ပြန်လည်ရောက်ရှိလာပြီဟု သိရပါသည်။

July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...