စစ်ကောင်စီ ပြုလုပ်မယ့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေး အခြေအနေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးသမားတွေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောဆိုလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ နိုင်ငံတော်အာဏာကို မတရား သိမ်းယူခဲ့တဲ့ စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးမယ်ဆိုပြီး ထပ်ခါတလည်လည် ပြောဆိုလာတာပါ။
စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ အချိုးကျကိုယ်စားပြုစနစ် PR ဖြစ်တဲ့ (စာရင်းပိတ်) Close List PR စနစ် ကျင့်သုံးဖို့ ဆွေးနွေး ဆုံးဖြတ်ထားပြီးလို့ ဆိုထားပါတယ်။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်အများစုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO)တွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
ဒီအခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က လုပ်မယ့် PR စနစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်သလို ရွေးကောက်ပွဲရလဒ်ဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးသာ ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်သူတွေက ဒုက္ခရောက်နေတာ များတယ်။ရွေးကောက်ပွဲလည်း ပြည်သူတွေက စိတ်ဝင်စားမှာ မဟုတ်ဘူး။ဆိုတော့ ဘာပဲပြောပြော သူတို့ကတော့ ဘယ်သူစိတ်ဝင်စားစား၊ ဘယ်သူ ကန့်ကွက်ကွက် ရွေးကောက်ပွဲကတော့ ဖြစ်အောင်လုပ်မှာပဲ။ဖွဲ့စည်းပုံနဲ့အညီ သူတို့ နောက်ထပ် အစိုးရတစ်ရပ်ဖြစ်လာအောင် သူတို့ချုပ်ကိုင်နိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်အောင် သူတို့ကိုယ်၌က အစိုးရဖွဲ့နိုင်အောင် သူတို့က ကြိုးစားသွားမှာပဲ။အဲဒီတော့ ဒီရွေးကောက်ပွဲဟာ Free and Fair (လွတ်လပ်မျှတ) ဖြစ်မှာမဟုတ်ဘူး။ပြီးတော့ ပြည်သူတွေက စိတ်ဝင်စားမှာ မဟုတ်ဘူး။ရလဒ်ကလည်းပဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးတော့ ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ သူက ဆိုပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် ရှောင်ထွက်ဖို့ ထွက်ပေါက်ဖြစ်ပြီး ဒီမိုကရေစီအရွေ့ လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်ပြောင်းခြင်းမျှသာ ဖြစ်တယ်လို့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်း ၃၇ ဖွဲ့ကလည်း ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီခန့် UEC ကတော့ ရွေးကောက်ပွဲအတွက် အခြေခံလူဦးရေစာရင်း စစ်ဆေးတာတွေ ဆောင်ရွက်နေပြီး ရရှိလာတဲ့ အခြေခံလူဦးရေစာရင်းအပေါ် မူတည်ပြီး အခြေခံမဲဆန္ဒရှင်စာရင်းတွေကို သတ်မှတ်ကာလအတိုင်း ပြုစုသွားမယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကွန်ရက် တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ မဲစာရင်း ပြုစုမှုဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအပေါ် အခြေခံထားတာ ဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ကျန်တဲ့မြို့နယ်အားလုံး လုပ်ပြီးသွားပြီဆိုတာက ၂၀၂၀ မဲစာရင်းအပေါ် အခြေခံပြီးတော့ လုပ်ထားတဲ့ စာရင်းတွေပဲ ပြောတာ။ အဲဒီမဲစာရင်းသာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဒီ ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်းမှားမှုနဲ့ အာဏာကိုထိန်းတယ်ဆိုကတည်းက သူတို့က ဒီအမှားကြီးနဲ့ပဲ ပြန်ကျင်းပမှာလား။ အဲဒီလိုဆို ဒီရွေးကောက်ပွဲက နဂိုကတည်းက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြေပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ နိုင်ငံတဝန်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာ နည်းပါးနေသလို မဲလာပေးမယ့်သူလည်း မရှိသလောက် နည်းပါးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝချေဖျက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာမို့ နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ စစ်အုပ်စုကို ချေမှုန်းဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဇွန် ၁၄ ရက်မှာ အတိအလင်းပြောဆိုထားပါတယ်။







