ဖားကန့်မြို့ပေါ် ရပ်ကွက် ၄ ခု ရေဘေးသင့်နေ

ဖားကန့်မြို့ပေါ် ရပ်ကွက် ၄ ခု ရေဘေးသင့်နေ

ဖားကန့်မြို့တွင် ဥတုချောင်းရေ မြင့်တက်မှုကြောင့် ယမန်နေ့မှ စတင်ကာ မြေနိမ့်ပိုင်း ရပ်ကွက်ပြည်သူများ ရေဘေးသင့်နေသဖြင့် စားရေးသောက်ရေး အခက်အခဲအထိ ရှိလာနေသည်ဟု သိရသည်။

ဥတုချောင်းအထက် ကံစည်းကျေးရွာဘက်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဇွန်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ဥတုချောင်းရေမြင့်တက်လာခဲ့ပြီး ချောင်းနဲ့နီးသည့် အေးမြသာယာ၊ မရှီကထောင်၊ မြို့မ နှင့် ငှက်ပျောတောရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်ခဲ့သည်ဟု အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

''ကားလမ်းနဲ့ နီးတဲ့လူ ထွက်လို့ရတဲ့လူကတော့ အစားအသောက်ထွက်ဝယ်လို့ရတယ်။ ငှက်ပျောတောတို့ ကားလမ်းမနဲ့ ဝေးနေတဲ့အိမ်တွေကျတော့ ထွက်မယ်ဆိုရင်လည်း ရေထဲမှာ အမှိုက်တွေ ပုလင်းကွဲတွေနဲ့ ထွက်လို့ အဆင်မပြေတဲ့ အခါကျတော့ မထွက်ကြဘူး။ အိမ်ထဲမှာပဲ အဲ့မှာပဲရှိတာလေးချက်စားနေကြတော့ အဆင်မပြေဘူး” ဟု ဆိုသည်။

အလားတူ ယခုကဲ့သို့ ရပ်ကွက်အတွင်း ရေဝင်ရောက်နေမှုကြောင့် ရေဘေးသင့်များအတွက် အစားအသောက်လိုအပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

''ရေက အခုက ခါးလောက်တော့ရှိအူးမယ်ဗျ မနေ့ကထက် နည်းနည်းပဲရေကျတယ်။ ဆိုင်ကယ်ကတော့မောင်းလို့ မရဘူး။ ကားကတော့မောင်းလို့ရတယ်။ မနေ့ကဆိုရင်ဘယ်လိုကားမျိုးမှဖြတ်မောင်းလို့မရအောင် ကြီးသွားတာရေက ဒီနေ့မှ နည်းနည်း လေးရေကျတော့ ဆိုင်ကယ်တော့ရတယ်'' ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် KNG ကို ပြောသည်။

ငှက်ပျောတောရပ်ကွက်မှာ တစ်ရပ်ကွက်လုံးနီးပါးခန့် ရေမြုပ်နေပြီး မြို့မ၊ အေးမြသာယာနှင့် မရှီကထောင်ရပ်ကွက်တို့မှာ မြေနိမ့်ပိုင်းသာ ရေမြုပ်နေကြောင်း သိရသည်။

ရေဝင်ရောက်နေသည့် ရပ်ကွက်များမှ ပြည်သူများမှာ နှစ်ထပ်အိမ် ဆောက်ထားသည့်သူများထံတွင် ခိုလှုံနေကြပြီး နေဝင်သွားသည့် နေအိမ်ပိုင်ရှင်များမှာ နီးစပ်ရာ ဆွေမျိုးသားချင်နေအိမ်များသို့ ပြောင်းရွေ့နေထိုင်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ရေဘေးသင့်စခန်း မရှိသေးခြင်းနှင့် မြေနိမ့်ပိုင်းနေရာများတွင် ချောင်းရေ ကွက်ကျား ဝင်ရောက်နေသောကြောင့် ရေဘေးသင့်အိမ်ထောင်စု စာရင်းအတိအကျ သိရှိနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

နောက်ထပ် တစ်ရက်နှစ်ရက်အထိ လက်ရှိအခြေအနေတိုင်း ရေဆက်လက်မြုပ်နေမည်ဆိုပါက အစားအသောက် ထောက်ပံ့ကူညီပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၁ ခုနှစ်က ယခုကဲ့သို့ရေကြီးရေလျှံမှု မဖြစ်ခဲ့သော်လည်း ၂၀၂၀ ခုနှစ် သြဂုတ်လတွင် ဥတုချောင်းရေကြီးမှုကြောင့် အိမ်ထောင်စု တစ်ထောင်ကျော် လူဦးရေလေးထောင်ကျော်အထိ ရေဘေးသင့်ခဲ့ကြသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...