ကောင်ရာလယ်ကွင်းမှာ လယ်လုပ်နေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်သားများက ပစ်ခတ်သတ်ဖြတ်

ကောင်ရာလယ်ကွင်းမှာ လယ်လုပ်နေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်သားများက ပစ်ခတ်သတ်ဖြတ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာကနေ တနိုင်းဘက်ကို စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ကောင်ရာ လယ်ကွင်းမှာ လယ်လုပ်နေတဲ့ အမျိုးသားတစ်ဦးကို ဇွန်လ(၁၀)ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

လယ်လုပ်နေချိန် စစ်ကောင်စီတပ် စစ်ကြောင်း ဖြတ်သွားတဲ့အချိန် ကြောက်လန့် ထွက်ပြေးမိရာကနေ စစ်သားတွေက ဝိုင်းပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အဲဒီဒေသနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“သူက ကြောက်ပြီး ရေထဲ ခုန်ဆင်းလိုက်တော့ ဝိုင်းပစ်ကြတာ။ မနေ့က ပြန်ကြားရတာတော့ သေသွားပြီတဲ့။ သူက အဲဒီမှာ လယ်လုပ်တဲ့ သူ ဟုတ်တယ်။ လယ်ကွင်းနားက ရေလွှဲ ဆည်ထဲ ဟုတ်တယ်။ တနိုင်းကနေ ကောင်ရာဘက် လယ်လာလုပ်တာပေါ့”လို့ သူက ပြောပါတယ်။

သေဆုံးသူဟာ တနိုင်းမြို့ကနေ (၈)မိုင်လောက် ဝေးတဲ့ ကောင်ရာ ကျေးရွာဘက် လယ်လာရောက် လုပ်ကိုင်သူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီ စစ်ကောင်စီ စစ်ကြောင်းကို KIA ကနေ ဇွန်လ(၁၀)ရက်နေ့က ကောင်ရာ ရွာအဝင်မှာ မိုင်း(၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ အပြင် ရွာနဲ့(၇)မိုင်လောက်ဝေးတဲ့ တာဝါတိုင် အနီးတစ်နေရာမှာလည်း နောက်ထပ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနိုင်းမြို့ တိန်ကောက်ကျေးရွာ အကျော် စိုင်ရောင်ပါ လယ်ကွင်းအနီး ဇွန်လ(၉)ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ကြားဖြတ်တိုက်ခိုက်ခဲ့သလို နန်ဖြတ်နဲ့ ကောင်ရာကျေးရွာကြားမှာလည်း ဇွန်လ(၁၀)ရက်နေ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။

လူအင်အား (၁၀၀)ဝန်းကျင်ရှိတဲ့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ဒွမ်ဘွမ်ကျေးရွာ တပ်စခန်းဘက်မှ လူလဲပြီး တနိုင်းဘက်ကို စစ်ကြောင်းပြန်လည် ချီတက်လာသူတွေ ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေကြောင့် ထိခိုက်သူများနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဇွန်လ(၁၀)ရက်နေ့ ညနေ (၄)နာရီ ဝန်းကျင်က စစ်ကောင်စီတပ်သားတွေကနေ သူတို့ရဲ့ စစ်ကြောင်းနဲ့ အတူ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကောင်ရာ ကျေးရွာက ပြည်သူအချို့နဲ့ အုပ်ချုပ်ရေးမှူးတို့လည်း ပြန်လည် လွှတ်မြောက်လာပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...