PDF များအား သတ်ပစ်မည်ဟု ကြုံးဝါးထားသည့် လက်ပံတန်း အုပ်ကြီး PDF က သေနတ်ဖြင့်ပစ်၍ သေဆုံး

PDF များအား သတ်ပစ်မည်ဟု ကြုံးဝါးထားသည့် လက်ပံတန်း အုပ်ကြီး PDF က သေနတ်ဖြင့်ပစ်၍ သေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးသည် ဇွန်လ ၁၁ ရက် မနက် ၁၀ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသူသည် စစ်ကောင်စီခန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေဆိုသူဖြစ်ပြီး ကျွန်းကလေးတာဆုံအနီး ပြည်လမ်းမပေါ်မှာ သေနတ်ဖြင့် ပစ်ခံရကြောင်း သိရသည်။

"သေနတ်နဲ့အပစ်ခံရတာတော့ နှစ်ယောက်လုံးပဲ။ ဦးမြင့်ရွှေက နှစ်ချက်ထိပြီး နေရာတင် ဆုံးသွားတာ။ ဦးမြင့်ရွှေက သူမသေခင်PDF တွေကို သူ့လက်နဲ့သတ်ပြမယ်ဆိုပြီး ကြုံးဝါးထားတာ။ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းခိုင်းတာရော။ နေအိမ်ချိပ်ပိတ်ဖို့ လိုက်ပြတာတွေရော သူဦးဆောင်တာ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဦးမြင့်ရွှေနှင့် အတူ ဆိုင်ကယ်ဖြင့် လိုက်ပို့သည့် သူ့တပည့်ဆိုသူလည်း ပစ်ခတ်ခံခဲ့ရပေမယ့် တပည့်ဖြစ်သူက မသေဘဲ လက်ပံတန်းဆေးရုံမှာ ကုသနေသည်ဟု သိရသည်။

"ဦးမြင့်ရွှေက အရင်က တပ်က အရာခံဗိုလ်နဲ့ထွက်ထားတာ။ တပ်အငြိမ်းစားကနေ အုပ်ကြီးလုပ်ပြီး အခုလည်း ပျူစောထီးခေါင်းဆောင်လုပ်နေတာ။ ရဲနဲ့တပ်ကိုလည်း ပိုင်တယ်။ အကြီးစားဒလန်ပါ။ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးတာတင်မဟုတ်ဘူး သူ့ကြောင့် မြို့ခံပြည်သူလည်းကောင်းကောင်း မနေရဘူး။ ဟိုသတင်းပေး ၊ ဒီသတင်းပေးနဲ့" ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေနှင့်တပည့်အား သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်သည်ဟု သိရသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...