ခေါဇာတိုက်နယ်ဆေးရုံတွင် ဆရာဝန်လစ်လပ်နေသည်မှာ တစ်လကြာပြီဟု ဒေသခံများပြော

ခေါဇာတိုက်နယ်ဆေးရုံတွင် ဆရာဝန်လစ်လပ်နေသည်မှာ တစ်လကြာပြီဟု ဒေသခံများပြော
by -
သံလွင်တိုင်းမ်
ရေးမြို့နယ်၊ ခေါဇာမြို့ တိုက်နယ်ဆေးရုံတွင် ယနေ့အချိန်အထိ တစ်လကျော်အကြာ ဆရာဝန်မရောက်ရှိသေးပဲ လစ်လပ်နေကြောင်း ဒေသခံများပြောကြားချက်အရ သိရပြီး ဆရာဝန်တစ်ဦး အမြန်ဆုံးချထားပေးရေး လိုလားလျက်ရှိသည်ဟု သိရသည်။

ခေါဇာတိုက်နယ်ဆေးရုံကို ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အကြီးစားပြင်ဆင်မှုလုပ်ခဲ့ကြောင်း၊ ၂၀၁၅ အကြီးစားပြင်ဆင်မှုပြီးစီးခဲ့ပြီး ဆရာဝန် ၄ ယောက်ခန့် အပြောင်းအလဲရှိခဲ့သော်လည်း ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆရာဝန်မရှိသည်မှာ တစ်လရှိပြီဖြစ်ကြောင်း ခေါဇာမြို့၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးတူးနောင်က ပြောသည်။

'' ခုလက်ရှိ ဆရာဝန်မရှိတာ တစ်လကျော်နေပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်ရှိစေချင်တယ်၊ ရေးမြို့မှာ ဆရာဝန်တွေရှိနေပေမယ့်လဲ လတ်တလောဖြစ်လာတဲ့မတော်တဆမှုတွေအတွက် အသည်းအသန်ဖြစ်လာမယ့် ကုသမှုမျိုးအတွက် လိုအပ်တာပါ၊ ကျန်းမာရေးဆရာမနှစ်ယောက်ရှိတာတော့မှန်ပေမယ့် ဆရာဝန်ရှိစေချင်ပါတယ် '' ဟု ၄င်းက ဆိုသည်။

ဆရာဝန်တစ်ဦးခန့်အပ်ခြင်းအတွက် သက်ဆိုင်ရာဝန်ကြီးအထိ အတည်ပြုချက်ရယူရမှာဖြစ်ကြောင်းနှင့် ထပ်မံတင်ပြပေး မည်ဖြစ်ကြောင်း ရေးမြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ သက်ပိုင်က ဆိုသည်။

'' ကျန်းမာရေးဝန်ထမ်းက ဆရာဝန်တစ်ယောက်ထဲကိုပဲ လစာပေးပြီး ခန့်ထားတာမဟုတ်ပါဘူး၊ ကျွန်တော်တို့ခန့်ထားတဲ့ အခြားကျန်းမာရေး ၀န်ထမ်းတွေလဲရှိပါတယ်၊ ကျန်းမာရေးမှူးတွေ၊ သားဖွားဆရာမတွေ၊ ဆေးရုံဆိုလို့ရှိရင်လဲ ဆရာဝန်မရှိလို့ရှိရင် အထက်တန်းသူနာပြုတွေ၊ သူနာပြုတွေရှိမှာပဲ၊ ဆရာဝန်ခန့်ခြင်း၊ မခန့်ခြင်းကိစ္စကတော့ ကျွန်တော်တို့မြို့နယ်အဆင့်နဲ့ ဆုံးဖြတ်တာမဟုတ်ပါဘူး၊ ရုံးချုပ်အဆင့်မှာတောင်မှ ၀န်ကြီးအထိကို အတည်ပြုချက်ယူပြီးတော့မှသာ ဆရာဝန်တွေကို နေရာချထားပေးတာဖြစ်ပါတယ်၊ ဒါပေမယ့် ဒါဟာလည်း ညွှန်ကြားရေးမှူးချုပ်ထံကို ထပ်ပြီးတော့ မေးပေးပါ့မယ် '' ဟု ပြောသည်။

ခေါဇာမြို့သည် ရေးမြို့၊ ပြည်သူ့ဆေးရုံနှင့် မိုင် ၂၀ ကျော်ခန့်ကွာဝေးပြီး ဒေသခံများအနေဖြင့် လက်ရှိကျန်းမာရေးဝန်ထမ်း များဖြင့်သာမက ဆရာဝန်တစ်ဦး အမြန်ဆုံးချထားပေးရေး လိုလားလျက်ရှိသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...