ယင်းမာပင်မြို့နယ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခံရပြီး လူနေအိမ် ၂၀ ကျော်လည်း မီးရှို့ခံရ

ယင်းမာပင်မြို့နယ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခံရပြီး လူနေအိမ် ၂၀ ကျော်လည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာ ပြည်သူလေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး လူနေအိမ် အလုံး ၂၀ ကျော်ကိုလည်း မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့မှ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်သည် မေလ ၂၇ ရက်နေ့မှ စတင်ကာ လည်ငေါက် ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ပြီး ၃ ရက်အတွင်း ပြည်သူ လေးဦးကို သတ်ဖြတ်ခဲ့သည့်အပြင် လူနေအိမ်အလုံး ၂၀ ကျော်ကိုလည်း မီးတင်ရှို့ခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“မီးရှို့ပြီး သတ်ခံရတာက သုံးယောက်ပါ။ နောက်တစ်ယောက်ကတော့ ဒီတိုင်းသတ်ခံရတာ အားလုံးပေါင်း လေးယောက် သတ်ခံရတာဗျ။ ဘယ်ကဆိုတာတော့ အတည်ပြုလို့မရသေးဘူးဗျ။ တစ်ယောက်ကတော့ ရေတွင်းတူးတဲ့လူဗျ။ ရေတွင်းတူးပြီးလို့ပြန်တဲ့အခါမှာ သတ်ခံရတာ။ သူကတော့မြောင်ကလိုလို မြိုင်ကလိုလိုဗျ အတည်ပြုနေဆဲပဲ။ နောက်သုံးယောက်ကိုတော့ နေအိမ်မီးရှို့တာနဲ့အတူတူရှို့သတ်ထားတယ်ဗျ။ ရုပ်လောင်း ကမီးရှို့ထားတာဆိုတော့ ဘယ်သူဘယ်ဝါမသိရဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မေလ ၂၇ ရက်နေ့ မှ မေလ ၃၀ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ပြီး အဆိုပါ ကာလအတွင်း သုံးကြိမ်တိုင်တိုင် ကျေးရွာ နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့သောကြောင့် ဒေသခံများမှာ လက်ရှိချိန်ထိ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“ပထမတစ်ကြိမ်ရှို့တာက ငါးအိမ်စရှိ့တာဗျ အခုကမီးဘေးသင့်က အိမ်ခြေ ၂၀ကျော် ဆိုပေမယ့် ရွာက တိတ်ဆိတ်နေတာဗျ အားလုံးက တိမ်းရှောင်နေကြတာ။ စစ်ကြောင်းပြန်ခေါက်သွားပေမယ့် ပြန်မကပ်နိုင် ကြသေးဘူး။ နီးစပ်ရာ ရွာတွေမှာတိန်းရှောင်နေကြတုန်း” ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လည်ငေါက်ကျေးရွာသည် ယင်းမာပင်မြို့နှင့် သုံးမိုင်ခန့်သာဝေးပြီး စစ်ကြောင်းအချိန်မရွေး ရောက်လာနိုင်သည့် အတွက် ကျေးရွာနေပြည်သူများက ရပ်ရွာကို စွန့်ခွာနေကြကြောင်း သိရသည်။

အိမ်ခြေ သုံးရာခန့်ရှိသည့် လည်ငေါက်ကျေးရွာသည် လွန်ခဲ့သည့် ၄ လခန့်ကလည်း လူနေအိမ် ငါးလုံးခန့်မီးရှို့ ခံ ရပြီး ယခုတစ်ကြိမ်မှာ ဒုတတိယအကြိမ်မီးရှိုခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ ၁၀ ရွာကျော်ရှိပြီဖြစ်ပြီး ယင်းအနက် ပတီးကုန်းကျေးရွာသည် ရွာလုံးကျွတ်မီးရှို့ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ သတ်ဖြတ်ခံရမှု မှာ ၅၀ ဦးကျော်အထိရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...