အင်းတော်ကြီးကန်အတွင်း တာမြစ်ထားသည့်ကြားမှ ငါးဖမ်းမှု များပြားလာ

အင်းတော်ကြီးကန်အတွင်း တာမြစ်ထားသည့်ကြားမှ ငါးဖမ်းမှု များပြားလာ

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးကန်အတွင်း ငါးသားဥချသည့် ကာလတွင် တားမြစ်ထားသည့် ကြားက ငါးဖမ်းမှု များပြားလာနေကြောင်း သိရသည်။

သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ အင်းတော်ကြီးကန်အတွင်း ယခုကဲ့သို့ ငါးသားဥချသည့် မေလ မှ ဇူလိုင်လ အတောအတွင်း ငါးဖမ်းခြင်းများ မပြုလုပ်ကြရန် ပြောဆိုထားသော်လည်း တားမြစ်ထားသည့် ကျဉ်စက်များဖြင့် ငါးဖမ်းမှုများ ရှိနေသည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ ဒီငါးရစ်ငါးသန်ချိန်မှာ ငါးမဖမ်းဖို့ ပြောထားတာ။ အရင်က ငါးနဲ့ပတ်သက်တဲ့အဖွဲ့တွေ လှေနဲ့ပတ်ပြီး လိုက်တားနေကျဟုတ်တယ်။ အခုက အဲဒီလိုလိုက်ပတ်မယ့်သူမရှိတော့ အရင်ကထက်ပိုဆိုးလာတာ။ ကျဉ်စက်နဲ့ဖမ်းတဲ့သူရောရှိတယ်။ ပိုက်တားပြီးဖမ်းတာရောရှိတယ်။ တခြားအချိန်တွေက ငါးဖမ်းဖို့ နည်းနည်းခက်တယ်။ ဒီချိန်က ငါးအစုလိုက်အပြုံလိုက်တက်တော့ ငါးဖမ်းဖို့လွယ်တဲ့အခါ စည်းကမ်းမလိုက်နာနိုင် ဖြစ်လာတာပေါ့။ ”ဟုပြောသည်။

ယခုကဲ့သို့ ငါးသားဥချိန်တွင် ငါးဖမ်းမှုများကြောင့် နောက်ပိုင်းတွင် ငါးရှားပါးလာမည်ကို စိုးရိမ်နေရသည့်အပြင် သက်ဆိုင်ရာမှ အသိပညာပေးခြင်းနှင့် ယင်းငါးဖမ်းသူများအတွက် အခြားလုပ်ငန်းလမ်းဖွင့်ပေးခြင်းမျိုး ရှိစေချင်ကြောင်း လုံးတုံ ဒေသခံတစ်ဦးက ဆိုသည်။

“ ငါးဥချိန်မှာ ဖမ်းလိုက်ရင် တစ်နှစ်ထက်တစ်နှစ် လျော့လာမှာပေါ့နော်။ ငါးဖမ်းတဲ့လူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို အစိုးရဘက်ကနေ တစ်ခုခု လမ်းဖွင့်ပေးတာမျိုး ၊ ဒီလိုငါးရစ်ငါးသန်အချိန်မှာ ငါးမဖမ်းဘဲကာကွယ်ဖို့ အသိပညာပေးတာတွေ အလုပ်အကိုင်လမ်းဖွင့်ပေးတာတွေရှိရင်တော့ ပြည်သူတွေလည်း အဲဒီဘက် မသွားလောက်ဘူး။အခုလိုမျိုးပဲ အစိုးရကလဲ တာဝန်မယူ ၊ ပြည်သူတွေလည်း စားဝတ်နေရေး ခက်လာတဲ့အတွက် စည်းကမ်းမဲ့ လုပ်လာကြတော့ နောင်လာနောက်သားတွေ ခေတ်မှာ ငါးတွေ မရှိတော့မှာကို စိုးရိမ်တယ်။”ဟု လုံးတုံဒေသခံကဆိုသည်။

ယခင်က ငါးသားဥသည့်ကာလတွင် ငါးဖမ်းသည့်သူများကို သက်ဆိုင်ရာမှ အင်းတဝိုက် ကင်းလှည့်ပတ်ကာ ဖမ်းဆီးတားမြစ်ခြင်းများ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီး နောက်တွင် ယင်းကဲ့သို့ပြုလုပ်မှုများ မရှိတော့ကြောင်းလည်း သိရသည်။

အင်းတော်ကြီးဒေသမှ ပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ညောင်ပင်၊ လုံးတုံ၊ ဟဲပု၊ ဟဲပါးကျေးရွာများနှင့် အင်းတဝိုက် ကျေးရွာများတွင် ငါးဖမ်းတံငါသည် များပြားကြောင်းလည်း သိရသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...