KNDO ကူးပြောင်းလာတဲ့ DKBA ဗိုလ်စလုံး တိုက်ပွဲကျဟု သတင်းမှားဖြန့်

KNDO ကူးပြောင်းလာတဲ့ DKBA ဗိုလ်စလုံး တိုက်ပွဲကျဟု သတင်းမှားဖြန့်

DKBA ကနေ KNDO ဖက်ကို ကူးပြောင်းလာတဲ့ ဗိုလ်စလုံးဟာ ဝေါလေတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ တယ် ဆိုပြီး စစ်အောင် ဆိုသူ Facebook အကောင့်ပိုင်ရှင်က မေလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်မှာ ရေးတင်ထား တာကို တွေ့ရပါတယ်။

စစ်အောင်ဆိုသူက “ဝေါလေ မှာပွဲကနေပါတယ် တင့်ကား လေယာဉ် အကုန် အပီဆွဲနေပီ knu ခေါင်းဆောင် စလုံး ကျ ထိုင်းဘက်က အကုန်ပိတ်ထား အမျိုးတို့ရေ” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးတင်ထားတာကို တွေ့ရပါတယ်။

စစ်အောင်ဆိုသူ Facebook အကောင့် ပိုင်ရှင် ရေးတင်ထားသလိုမျိုး မင်းသစ္စာဇော်ဆိုသူ Facebook အကောင့် ပိုင်ရှင်ကလည်း မနေ့က ဖြစ်ပွားခဲ့တဲ့ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲ အတွင်း ဗိုလ်စလုံး ကျဆုံးသွားတယ်ဆိုပြီး မေလ ၁၉ ရက်နေ့ ဒီနေ့ မနက် ၁၀ နာရီ ၂၄ မိန်စမှာ ရေးတင်ထားတာကို တွေ့ရပြန်ပါတယ်။

မင်းသစ္စာဇော်ဆိုသူ က “ဒီမနက်.သတင်းအရ...DKBA..ခွဲထွက်.KNDO..ခေါင်းဆောင်..စောစလုံး..ကျဆုံးသွားပြီ ဟုသိရမိုးရာသီ..နေစရာ..ဌာနချုပ်မရှိ၍..CIA..မျောက်ဖြူတီု့.၏ဗျူဟာချပေးသည့်အတိုင်း...KNDO..KNU.-6.. KLပဒပ်တွေ..ထိုင်းနဲ့နယ်မြေခြင်းထိစပ်နေတဲ့..သစ်ဘောဘိုးကို..ဝင်တိုက်ခဲ့တယ်..အကျဆုံးများစွာနဲ့..ဘလယ်ဒို.မှာပိတ်နေတယ်..စစ်ကြောင်းတွေကိုထိုးဖောက်မနိုင်တော့..အားပျော့တဲ့.DKBA.ဝေါ်လေမြိုင်ဘက်ကိုထိုးဖဖောက်.တိုက်ပွဲဖြစ်ကြပြန်တယ်..ဝေါ်လေ..လမ်းမက..စိတ်ကြိုက်..စစ်ကစားလို့ရတဲ့အတွက်..တပ်မတော်..ဟာ..သံချပ် ကာ..အမြောက်..လေ ယာဉ်..အလုံးရင်းအသုံးပြုပြီးချေမှုန်းရေး..စစ်ပွဲကြီး..ဖြစ်သွားပြီ...ဝေါလေမှာ ပွဲက နေပါတယ်။ တင့်ကား လေယာဉ် အကုန် အပီဆွဲနေပီ။ KNDO..အထူးတပ်ဖွဲ့.ခေါင်းဆောင်အသစ်စော စလုံး ကျ ဆုံးသွားပြီ ထိုင်းဘက်က အကုန်ပိတ် ထားသဖြင့် အရင်ခါတွေတုန်းကလို့ ဝင်ပြေးလို့မရတော့ကြောင်း သိရ... 19-5-22...မနက်..ရရှိ..ကရင်စစ်သတင်းပါ.”( မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးတင်ထားတာကို တွေ့ရပါ တယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်စလုံးဟာ မနေ့က တိုက်ပွဲမှာ ကျဆုံးသွားတာ မရှိခဲ့လို့ပဲဖြစ်ပါတယ်။

မေလ ၁၈ ရက်နေ့ (မနေ့) က  KNLA၊ KNDO PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင် စီရဲ့ သေ့ဘောဘိုး တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ခန်းကို သိမ်းယူရရှိခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲမှာ KNLA၊ KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့ဖက်က တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပဲ Cobra Column က ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဗိုလ်စလုံး နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထည့်သွင်းထုတ်ပြန်ထားတာကို မတွေ့ရပါဘူး။

Cobra Column ရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/38AyYfS ဝင်ကြည့်လို့ရပါတယ်။

ဒါအပြင် လက်ရှိ တော်လှန်ရေးကာလအတွင်း နာမည်ကြီးနေတဲ့ ဗိုလ်စလုံးသာ မနေ့က တိုက်ပွဲအတွင်းမှာ ကျ ဆုံးသွားခဲ့တာ မှန်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ဒေသအတွင်းက သတင်းဌာနတွေနဲ့ တခြားသတင်းဌာန တော် တော်များများကလည်း ဗိုလ်စလုံး ကျဆုံးသွားတဲ့ အကြောင်းကို သတင်းတွေ ရေးသားကြမှာ ဖြစ်ပေမယ့် အခုလို မျိုးကိစ္စ မဖြစ်ပွားခဲ့တဲ့အတွက် သတင်းဌာနတွေကလည်း သတင်းရေးသား ထုတ်လွှင့်ထားတာကို မတွေ့ရပါဘူး။

ဒါကြောင့် အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်တပ်ထောက်ခံသူတွေဖြစ်တဲ့ စစ်အောင်နဲ့ မင်းသစ္စာဇော်ဆိုသူတို့ဟာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကို အခြေပြုပြီး မြေပြင်မှာ တကယ်ဖြစ်ပွားခဲ့ခြင်း မရှိတဲ့ အကြောင်းအရာတစ်ခုကို ဖန်တီးကာ  စိတ်ဓာတ် ပိုင်းဆိုင်ရာကအစ အဖက်ဖက်က ကျဆုံးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေကို စိတ်ဓာတ်မြှင့်တက်စေတဲ့သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ရေးသားထားတဲ့ သတင်းအမှား တစ်ခုဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်အောင်ဆိုသူ ရေးသားထားတဲ့ သတင်းအမှားကို ထပ်ဆင့်ဖြန့်ဝေသူ ၅၀ ကျော်အထိ ရှိနေတာကို တွေ့ရသလို  မင်းသစ္စာဇော် ဆိုသူရဲ့ ရေးသားမှုကိုတော့ ထပ်ဆင့်ဖြန့်ဝေသူ ၁၅၀ ကျော် အထိ ရှိနေတာကိုတွေ့ရပါတယ်။ ဒါ့ အပြင် သဘောထား မှတ်ချက်ပေးသူတွေနဲ့ ကြိုက်နှစ်သက်သူ တော်တော်များများ ရှိနေတာကိုလည်း တွေ့ရပါ တယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ ၊ စစ်ကောင်စီခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင် စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...