ဒေသတွင်းသွားလာမှု တင်းကြပ်စစ်ဆေးမှုများကြောင့် အရပ်သားပြည်သူ သွားလာမှုခက်ခဲ

ဒေသတွင်းသွားလာမှု တင်းကြပ်စစ်ဆေးမှုများကြောင့် အရပ်သားပြည်သူ သွားလာမှုခက်ခဲ

ကော့ကရိတ်နှင့် လှိုင်းဘွဲမြို့နယ်များရှိ ကျေးရွာချင်းဆက် လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီနှင့် နယ်ခြားစောင့် တပ်(BGF) အပါအဝင် အပစ်ရပ် KNU/KNLA-PC တပ်ဖွဲ့ဝင်များက ပြည်သူများသွားလာရာတွင် တင်းကြပ်စစ်ဆေးမှု များကြောင့် သွားလာရာတွင် အခက်အခဲရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

ကော့ကရိတ်မြို့မြောက်ပိုင်းနှင့် လှိုင်းဘွဲမြို့နယ်ရှိ နဘူး၊ ပိုင်ကျုံ၊ ထီလုံ ကျေးရွာများကို သွားလာနေရသည့် လမ်းများ တွင် ယင်းသို့စစ်ဆေးမှုများရှိနေသည့်အတွက် ဒေသခံရွာသူရွာသားများမှာ ၎င်းတို့၏ သွားလာရေး ပိုခက်ခဲလာသည်ဟု ပြောဆိုလာကြခြင်းဖြစ်သည်။

လှိုင်းဘွဲမြို့နယ် နယ်မြေအတွင်းရှိ နဘူး-ထီလုံ-ပိုင်ကျုံလမ်းသွား ကျေးရွာပေါင်း ၃၀ခန့်မှ ဒေသခံပြည်သူများသည် ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲမြို့ပေါ်သို့ ကျန်းမာရေး၊ ရောင်းဝယ်ရေး၊ လူမှုရေးကိစ္စရပ်များအတွက် သွားလာရာတွင် စစ်ကောင်စီနှင့် အပေါင်းပါများ၏ စစ်ဆေးရေးဂိတ်များတွင် အစစ်ဆေးခံ ဖြတ်သန်းသွားလာနေရသည့်အပေါ် သွား လာရေး အခက်အခဲ နေ့စဉ် ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက "အခုက မြို့ဘက်နဲ့ တခြားရွာဘက်တွေသွားဖို့ တအားခက်ခဲတယ်။ ဘယ်သွားသွား သူတို့ BGF စစ်တပ် နဲ့ PC ဂိတ်တွေပဲ ဖြတ်ပြီးမှ သွားနေရတယ်။ ဝဲကင်းအံ၊ ကျိုက်ပေါင်၊ ခနိမ်းဖော်၊ နောင်ဘိုကြီး၊ ရွာသစ်၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ပတာ့၊ ထီလုံရွာဘက်တွေမှာ ဂိတ်တွေထိုင်၊ မောင်းတံတွေချထားပြီး စစ်နေတာကြောင့် ရွာက လူတွေ ကိုယ့်ခြံ၊ ကိုယ့်ယာ၊ ကိုယ့်ကွင်းဘက် ကျွဲ နွား ဆိတ်တွေ စားကျက်လွှတ်ကျောင်းဖို့တောင် တော်တော်လေး ခက်ခဲလာတယ်။ သူတို့က PDF တွေ ဟုတ်မဟုတ်၊ သူတို့နဲ့ ဆက်သွယ်ဆက်စပ်နေတာမျိုးကို တအားမေးမြန်းတယ်။"ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းဂိတ်များကို ဖြတ်သန်းရာတွင် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှုရှိမရှိ ဖုန်းများကိုပါ စစ်ဆေးသည့်အပြင် ကား၊ ဆိုင်ကယ်များပေါ်တွင် အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ ပိုမိုတင်ဆောင်လာလျှင်လည်း ပိုမို စစ်ဆေးခံရ ကြောင်းနှင့် လတ်တလော BGF က ဒေသခံရွာသားများကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေခြင်းအပေါ် စိုးရိမ်နေကြရကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

ဧပြီလနှင့် မေလအထိ KNU ၏ တပ်မဟာနယ်မြေ ၆ခုတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ အရပ်သားများနေထိုင်ရာ ရပ်ရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှု၊ သတ်ဖြတ်မှုနှင့် အဓမ္မခေါ်ယူခိုင်းစေမှုများကို လုပ် ဆောင်နေကြသည့်အတွက် သောင်းနှင့်ချီသော ဒေသခံပြည်သူများမှာ အိုးအိမ်၊ ရပ်ရွာစွန့်ခွာနေကြရသည်။

အလားတူ မေလ (၅)ရက်နေ့ကလည်း ကော့ကရိတ်မြို့အဝင်အထွက် လမ်းများကို စစ်ကောင်စီဘက်က အတားအဆီး လုပ်ကာ ပိတ်ဆို့ထားသည်ဟုလည်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။

"နေ့လည် ၂နာရီအချိန်လောက်မှာ အရပ်ဝတ်နဲ့ လူသုံးလေးယောက်လောက် အဲလိုမြို့ဝင်မြို့ထွက် မိန်းလမ်းတွေအား လုံးနီးပါး လာပိတ်သွားတယ်။ အကြောင်းရင်းတော့ သေချာ မသိရဘူး။ ပြည်သူတွေက အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြတယ်။ ဒီတလောမှာလည်း မြို့ထဲရပ်ကွက်ထဲမှာ အဖမ်းအဆီးတွေလည်း များနေတယ်။"ဟု ပြောဆိုသည်။

ထို့အပြင် KNU တပ်မဟာ (၇) နယ်မြေအတွင်း၌လည်း စစ်အင်အား ဖြည့်တင်းမှုများ၊ နယ်မြေရှင်းလင်းရေး တိုက်ပွဲများ ဖော်ဆောင်ရန် ဒေသတွင်း BGF၊ အပစ်ရပ် လက်နက်ကိုင်များနှင့် ပူးပေါင်းကာ အရပ်သားများအား ဖိအားပေး စစ်ဆေး မေးမြန်းမှုများ ပိုမို လုပ်ဆောင်လာနေသည့်အတွက် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...