ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကွယ်လွန်သွားခြင်းအပေါ် အထူးဝမ်းနည်းကြောင်း ရခိုင်နိုင်ငံရေးနှင့်လူမှုနယ်ပယ်မှခေါင်းဆောင်များ ထုတ်ဖော်ပြောကြား

ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကွယ်လွန်သွားခြင်းအပေါ် အထူးဝမ်းနည်းကြောင်း ရခိုင်နိုင်ငံရေးနှင့်လူမှုနယ်ပယ်မှခေါင်းဆောင်များ ထုတ်ဖော်ပြောကြား

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ဦးဆောင် တည်ထောင်ခဲ့သူ ရှမ်းအမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦး ကွယ်လွန် သွားခဲ့သည့် အပေါ် ရခိုင်နိုင်ငံရေးနှင့် လူမှုနယ်ပယ်ရှိ ခေါင်းဆောင်များက အထူးစိတ်မကောင်း ဝမ်းနည်းရကြောင်း ထုတ်ဖော် ပြောဆိုကြသည်။

အသက် (၇၉) အရွယ် ဦးခွန်ထွန်းဦးသည် ရန်ကုန်မြို့၊ ၉ မိုင်ရှိ သူ၏ နေအိမ်၌ လူကြီးရောဂါြဖင့် ကွယ်လွန် သွားခြင်း ဖြစ်ကြောင်း တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က အတည်ပြုပြောဆိုသည်။

ဦးခွန်ထွန်းဦးကွယ်လွန်ခြင်းအပေါ် ရခိုင်ရှေ့ဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က " ဦးခွန်ထွန်းဦး ဆိုတာက ရှမ်းအမျိုးသား ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌဟောင်း တစ်ယောက်လည်း ဖြစ်တယ်။ ဆရာကတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြည့်ပြည့်ဝဝ မရခင်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတဲ့ အတွက် မိသားစုဝင်တွေ၊ ရှမ်းပြည်သူတွေ အပါအဝင် တိုင်းရင်းသားတွေရဲ့ ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်တယ်။ နောက်ပြီး ရှမ်းလူမျိုးတွေရဲ့ ဆုံးရှုံးမှုတွေနဲ့ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့လည်း အတူဆိုတော့ ထပ်တူထပ်မျှ ခံစားရပါတယ်။ ဦးခွန်ထွန်းဦးမျှော်မှန်းထားတဲ့ တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စု စိတ်ဓာတ် ညီညီနဲ့ တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်သား လက်နက်ကိုင်တွေ မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်၊ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်ကိုလည်း မကြာမီ ရရှိပါစေလို့လည်း ဆုတောင်း ပေးပါတယ်။ ကောင်းရာသုကတိ လားပါစေလို့ မေတ္တာ ပို့ပေးပါတယ်"ဟုပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က " ဦးခွန်ထွန်းဦး ကွယ်လွန်တဲ့ အပေါ် ပုဂ္ဂိုလ်ရေး အရရော၊ ရခိုင်အမျိုးသားပါတီရဲ့အရရော အထူး ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသားရေးကဏ္ဍတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့တဲ့ တကယ့်ရှမ်းပြည်သူလူထုရဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဟောင်း ဒီလိုမမျှော်လင့်ဘဲ လူကြီးရောဂါနဲ့ ကွယ်လွန်သွား တာကို ကြားသိရတဲ့ အတွက် ရှမ်းပြည်သူလူထုတွေနဲ့တကွထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်ရပါတယ်။ အလွန်တရာ စိတ်မကောင်း ဝမ်းနည်း ထိခိုက်ရပါတယ်"ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက "အရမ်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက နိုင်ငံရေးသက်တမ်းမှာ တိုင်းရင်းသားအရေးကို စွမ်းစွမ်းတမံ အရေးဆိုခဲ့တဲ့ ရှမ်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး အရမ်းကို နာမည်ရှိတဲ့ နိုင်ငံရေးသမားကောင်း တစ်ဦးပါ။ ရှမ်းတွေအတွက်သာမက တစ်ခြားတိုင်းရင်းသားတွေ အတွက် အလွန်းအားကိုးရတဲ့ သူပါ။ ခုလို တိုင်းရင်းသားခေါင်းဆောင် တစ်ယောက် ဆုံးရှူံးသွားတဲ့အတွက် အထူး စိတ်မကောင်းဖြစ်မိတယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို တည်ဆောက်ဖို့ ကြိုးစားလာခဲ့သူလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင် ကြိုးစားလာခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို မရောက်သေးခင် ဆုံးသွားတဲ့ အတွက် အဲဒါကြောင့်လည်း ပိုပြီး နှမြောတသ ဖြစ်မိတယ်။ ဆရာမတို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ပန်းတိုင်တစ်ခုကို သူ ရောက်စေချင်ပါတယ်။ သူကိုလည်းပဲ အဲပန်းတိုင်ကို ရောက်တဲ့ အချိန်အထိ သူ့ကို ရှိစေချင်တာက ဆရာမရဲ့ ဆန္ဒပါ”ဟု ပြောဆိုသည်။

နိုင်ငံရေးဟောပြောမှုကြောင့် ထောင် နှစ် (၂၀) ချမှတ်ခံရပြီး ၂၀၂၁ ခုနှစ်ကမှ ပြန်လွတ်လာသည့် ရခိုင်လူငယ် စာရေးဆရာ ဝေဟင်အောင်က "ရှမ်းလူမျိုး တောင်မက မြန်မာတစ်နိုင်ငံလုံးမှာ စိတ်မကောင်းစရာ ဖြစ်ရပါတယ်။ ဒီခွန်ထွန်းဦးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ၁၉၈၈ ခုနှစ်ကနေစပြီးတော့ ဒီမိုကရေစီ တိုက်ပွဲထဲမှာရော အသက်၊ ဘဝ၊ အချိန်ကို ပေးဆပ်ပြီးတော့ တစ်စိုက်မတ်မတ် ချီတက်လာတာဖြစ်တယ်။ တိုင်းရင်းသား ခေါင်းဆောင်ထဲ မှာလည်း အစားထိုးလို့မရတဲ့ ခေါင်းဆောင်ဖြစ်တယ်။ ရခိုင်တစ်ယောက်အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်" ဟု ပြောသည်။

ဦးခွန်ထွန်းဦးသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ တာဝန်ယူခဲ့သူ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဦးခွန်ထွန်းဦးသည် သူဇာတိဖြစ်သည့် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင် ရရှိခဲ့သည်။ သို့သော်လည်း ဦးခွန်ထွန်းဦးသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် SNLD ပါတီက ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ဦးခွန်ထွန်းဦးကို ၂၀၀၅ခုနှစ်မှာ ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုကြောင့် စစ်အစိုးရက ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...