ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် ရုတ်တရက်မိုးသက်လေပြင်းကျရောက်၍ အပျက်အစီးများရှိ

ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် ရုတ်တရက်မိုးသက်လေပြင်းကျရောက်၍ အပျက်အစီးများရှိ

ရခိုင်ပြည်နယ်က မြောက်ဦးမြို့အပါအဝင် မြို့နယ်အချို့တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က ရုတ်တရက် မိုးသက်လေပြင်းများ ကျရောက်တိုက်ခတ်ခဲ့သဖြင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒေသခံများ၏ အဆိုအရ ၎င်းမိုးသက် လေပြင်းသည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့သည်ဟု သိရသည်။

မင်းပြားမြို့နယ် အမ်းသားကျေးရွာမှ ကိုအမ်းသားကြီးက " ဒီမှာလည်း လေပြင်းပြင်းတိုက်သွားတယ်။  မိုးတော့မရွာဘူး။ လေပြင်းတစ်ခုပဲ တိုက်သွားတာပါ။ ကျနော် အိမ်က အဆောင်ကလေးတွေတောင် ပါသွားတယ်။ လေပြင်းတိုက်တာက မိနစ် ၃၀ ကျော် လောက်ကြာတယ်"ဟု ပြောသည်။

မိုးသက်လေပြင်းတိုက်ခိုက်မှုသည် မြောက်ဦးမြို့နယ်နှင့် ရသေ့တောင်မြို့နယ် ၁ နာရီခွဲကျော်ခန့် တိုက်ခတ်ခဲ့ပြီး မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ် မိနစ် ၃၀ ခန့်၊  ပုဏ္ဏားကျွန်းမြို့နယ် ၁ နာရီခန့် တိုက်ခတ်ခဲ့ကာ ၁ နာရီကို ပျှမ်းမျှ မိုင် ၆၀ မှ ၇၀ အကြား တိုက်ခတ်ခဲ့သည်ဟု ခန့်မှန်းရကြောင်း ဒေသခံများက ပြောသည်။

လေပြင်းများတိုက်ခတ်မှုသည် ပြည်သူများအတွက် အန္တရာယ် ကျရောက် နိုင်သဖြင့် သက်ဆိုင်ရာက သတိပေးချက်များ ကြိုတင် ထုတ်ပြန်သင့်သည်ဟု မြောက်ဦးဒေသခံကိုညီညီဇော်ကပြောသည်။

" လေတွေ ရုတ်တရက်တိုက်လာတယ်။ ဘာမှ သတိပေးချက် ထုတ်ပြန်ထားတာလည်း မရှိတော့။ ဒီအခြေဆိုနည်းနည်း တော်သေးတယ်။ ဒီထက်ဆိုးလာရင်လူတွေအတွက်အသက်အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် မိုးလေဝသသတိပေးချက်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်သင့်တယ်" ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မေလမှစ၍ မုတ်သုန်လေဝင်ရောက်နိုင်သဖြင့်  မိုးသက်လေပြင်းများ မကြာခဏ ကျရောက်နိုင်သဖြင့် သတိထားကြရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းအေးကျော်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ဒီလဆန်းပိုင်းကနေစလို့ မုတ်သုန်လေတွေမကြာခဏဝင်ရောက်နိုင်တယ်။ အဲ့တာကြောင့် သတိထားဖို့လိုအပ်တယ်။ ကုန်လမ်း၊ ရေလမ်း ခရီး သွားနေကြသူတွေ အနေနဲ့ သတိထားဖို့လိုအပ်ပါ။ ကျနော်တို့ဘက်ကလည်း အချိန်တိုင်း မိုးလေဝသ သတိပေးချက်တွေကို ထုတ်ပြန်နေပါတယ်"ဟု ၎င်းက ပြောသည်။

ယခုတိုက်ခတ်သွားသည့် မိုးသက်လေပြင်းကြောင့် မြို့နယ်အနှံအပြားတွင် ပျက်စီးဆုံးရှုံးမှုရှိနေ သော်လည်း စာရင်းအတိအကျကို  နိရဉ္စရာသတင်းဌာန အနေဖြင့် ဖော်ပြနိုင်ခြင်း မရှိသေးပါ။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...