ဗန်းမော်-မိုးမောက်လမ်း စီအင်ကျေးရွာ ငါးမိုင်ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ခြင်းကြောင့် ပြည်သူများ အခက်ကြုံ

ဗန်းမော်-မိုးမောက်လမ်း စီအင်ကျေးရွာ ငါးမိုင်ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ခြင်းကြောင့် ပြည်သူများ အခက်ကြုံ

ကချင်ပြည်နယ်၊ ဗန်းမော် - မိုးမောက်ကားလမ်းမကြီးရှိ စီအင်ကျေးရွာ၊ ငါးမိုင်ဂိတ်တွင် စစ်ဆေးမှုများ ပိုမိုများပြားလာသည့်အတွက် ပြည်သူများ ဖြတ်သန်းသွားလာရာတွင် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

အဆိုပါ စီအင်၊ငါးမိုင်ဂိတ်တွင် ( ၂၀၂၁) ခုနှစ်ကတည်းက စစ်ဆေးမှုများရှိခဲ့သော်လည်း လွန်ခဲ့သည့် အပတ်မှစတင်ကာ ပိုမိုစစ်ဆေးလာကြောင်းနှင့် စစ်ဆေးရေးဂိတ်များ တိုးလာကြောင်း မိုးမောက်ဒေသခံ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဒီနှစ်ပါတ်ကြားမှာ စစ်ဆေးမှုပိုထူလာတာ။ အရင်ကတော့ ရဲတွေပဲစစ်တယ်။ ခုက ရဲတွေတစ်ဖက် ၊ စစ်သားတွေတစ်ဖက် ဝတ်စုံပြည့်နဲ့ စစ်နေကြတာ။ အင်အားတွေ များလာတယ်။ စစ်သားတွေက မြင်နေကျတွေမဟုတ်ဘူး။ တွေ့ခဲ့တာတော့ တပ်မ(၈၈)လို့ရေးထားတယ်။ ဘယ်တပ်ရင်းကလဲတော့ မသိဘူး။ပိုဆိုးတာက ညနေပိုင်း သူတို့သတ်မှတ်ထားတဲ့ ချိန်မပြည့်ခင်မှာ တံခါးပိတ်တာတွေရှိတယ်။ "ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများအပါအဝင် နေ့၊ ည အင်အား(၃၀)ခန့်ချထားပြီး ဖြတ်သွား/လာ ပြည်သူများ၏ ဆိုင်ကယ်၊ ကားများနှင့် နိုင်ငံရေးစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)များကို စစ်ဆေးနေသည်ဟုဆိုသည်။

ယင်းဂိတ်တွင် မနက်(၆)နာရီမှ ည(၇)နာရီထိသာ ဖြတ်သန်းသွားလာခွင့် ပြုထားသည့်အပြင် ကွင်းလမ်း အခြေအနေဆိုးသည့်အတွက် အရေးပေါ်လူနာများပို့ဆောင်ရာတွင်လည်း  အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ဒေသခံက ဆိုသည်။

" (၂၀၂၁)တုန်းကလည်း တော်တော်စစ်တယ်။ လူနာတင်ယာဉ်နဲ့ ကိုဗစ်လူနာတွေတင်လာခဲ့ရင်တောင်မှ ပြည်သူတွေကို သေနတ်နဲ့ချိန်တာမျိုးထိဖြစ်တယ်။ ဂိတ်ကို ကွင်းတဲ့ လမ်းတော့ရှိတယ်။ ကားတွေဖြတ်တာများပြီး မိုးရွာတော့ လမ်းတွေ ဆိုးသွားတယ်။ကားသေးတွေဆို သွားလို့မရဘူး။ လူနာတင်ယာဉ်နဲ့ မဟုတ်ဘဲ ကိုယ်ပိုင်ကားနဲ့ဖြတ်လာရင် ဖြတ်ကျော်ခွင့်မပေးဘူး။ဖြတ်သွားဖြတ်လာ တော်တော်လေးအခက်ကြုံရတယ်။ "ဟု ပြောသည်။

ထို့အပြင် ယင်းဂိတ်တွင် ကုန်တင်ကားများနှင့် ညရေးညတာ ဖြတ်သန်းသွားလာသူများထံမှ ငွေကြေးတောင်းခံမှုများရှိပြီး ဆဲဆိုကြိမ်းမောင်းမှုများ ရှိကြောင်းလည်း သိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...