မူဆလင်ရာအိမ်မှူး ၂ ဦးဖမ်းဆီးခံရပြီး တောကန်ရွာသားများ စိုးရိမ်မှုမြင့်တက်

မူဆလင်ရာအိမ်မှူး ၂ ဦးဖမ်းဆီးခံရပြီး တောကန်ရွာသားများ စိုးရိမ်မှုမြင့်တက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာအုပ်စု ငပွန်းချေကျေးရွာမှ မူဆလင်ရာအိမ်မှူး ၂ ဦးကို  မြန်မာစစ်တပ်၏ဖမ်းဆီးခေါ်ဆောင်သွားပြီး တောကန်ရွာတွင်လည်း နေအိမ်တစ်လုံး ဝင်ရောက်ရှာဖွေခံရရာမှ လူထုအတွင်း စိုးရိမ်မှုများ မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

ငပွန်းချေကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရာအိမ်မှူးနှစ်ဦးမှာ  ဦးဆီးဒီးအာမတ်နှင့် ဦးအာဒူးရှုးကူး တို့ ဖြစ်ကြပြီး ပြီးခဲ့သည့်ဧပြီလ ၉ ရက် ညနေ ၉ နာရီခန့်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရွာထဲမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရ ဉ္စရာသို့ပြောသည်။

"ဒီကလူနှစ်ယောက်ခေါ်သွားတယ်။ ရာအိမ်မှူးသုံးယောက်ရှိတာမှာ နောက်တစ်ယောက်ကလည်း ရှောင်နေတယ်။ သူနဲ့အဆက်အသွယ်လည်း မရဘူးပေါ့နော်။ နောက်ထပ် သူတို့နဲ့အတူ လူလတ်ပိုင်းတစ်ယောက်လည်း ပါသွားတယ်။ ခေါ်သွားတဲ့အထဲမှာ။ သူကတော့ ခေါ်သွားတဲ့ ကားပေါ်ကနေ ခုန်ဆင်းပြီး အနီးအနားကရွာထဲပြေးဝင်သွားတဲ့ အတွက် လွှတ်သွားတယ်လို့ သိရတယ်" ဟုပြောသည်။

မည်သည့်အကြောင်းကြောင့်ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း အတိအကျ မသိရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။

ထိုသို့ဖမ်းဆီးခံလိုက်ရသည့်အတွက် ကျေးရွာအတွင်းရှိတာဝန်ရှိသူများနှင့် အမျိုးသားအချို့လည်း တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရသူ ဦးလှသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ တို့အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

အောင်တိုင်ကျေးရွာအုပ်စုထဲမှ ငပွန်းချေကျေးရွာသည် နေအိမ် ၂၀၀ ခန့်ရှိသော မူဆလင်ကျေးရွာ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကိုလည်း ယမန် ဧပြီ ၁၀ ရက် နေ့ညအချိန်တွင် မြန်မာစစ်တပ်မှလာရောက်စစ်ဆေးမှုရှိခဲ့သဖြင့် ဒေသခံများအကြား စိုးရိမ်မှုများရှိခဲ့ကာ အနီးအနားရှိကျေးရွာများသို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...