KNU ဥက္ကဌကို ထိုင်းက NCA အတိုင်းသွားရန် ဖိအားပေးနေ ဆိုသည့် သတင်းမှား ဖြန့်ဝေ

KNU ဥက္ကဌကို ထိုင်းက NCA အတိုင်းသွားရန် ဖိအားပေးနေ ဆိုသည့် သတင်းမှား ဖြန့်ဝေ

၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်။

ပြီးခဲတဲ့ ဧပြီလ ၃ ရက်နေ့က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို ထိုင်းအစိုးရ တာဝန်ရှိသူတွေက ခေါ် ယူတွေ့ ဆုံပြီး NCA စာချုပ် အတိုင်း ဆက်လက် လုပ်ဆောင်ဖို့နဲ့  NCA စာချုပ်အတိုင်း မလုပ်ဆောင်ပါက ထိုင်း နိုင်ငံထဲမှာ နေထိုင်ခွင့်အတွက် အာမမခံဘူးဆိုပြီး ထိုင်းဖက်က ပြောဆိုထားတဲ့ ပုံစံနဲ့ ရေးသားထားတဲ့ သတင်းပို့စ် တစ်ခုကို Ko Thiha ဆိုသူ Facebook အကောင့် ပိုင်ရှင်က ဧပြီလ ၅ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။

“ထိုင်းနိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများမှ KNU ဥက္ကဌ နှင့် ခေါင်းဆောင်များအား ခေါ်ယူ တွေ့ဆုံ သတိပေး” ဆို တဲ့ ခေါင်းစဉ်နဲ့ Ko Thiha ဆိုသူ ရေးသားထားတာပါ။

Ko Thiha က “KNU အဖွဲ့အနေဖြင့်လည်း NCA အတိုင်းသွားရန်လိုကြောင်း NCA အတိုင်းမသွားပါက ထိုင်းနိုင်ငံ နယ်နမိတ် အတွင်း နေထိုင်ခွင့်အတွက် အာမမခံနိုင်ပါဟု သတိပေး ကြောင်းသိရှိရသည်။ KNU မှ အချို့ခေါင်း ဆောင်များ NUG နဲ့ ပူးပေါင်းပြီး အဖျက်လုပ်ရပ်များဆောင်ရွက်ကာ NCA သဘောတူညီချက်များအား ချိုး ဖောက်နေခြင်းကို မိမိတို့ တွေ့မြင်နေရကြောင်း ထို့ကြောင့် KNUထိပ်ပိုင်းခေါင်း ဆောင်များအနေဖြင့် မိမိလက် အောက် ခေါင်းဆောင်ငယ်များအား NCAအတိုင်းသွားရန်လိုကြောင်း၊ အာဆီယံ လမ်းမအား မနှောက်ယှက်ရန် ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်းနှင့် မိမိတို့နိုင်ငံသားများ၏ ဘေးအန္တရာယ် ကျရောက်စေမည့် ကိစ္စများ အား သတိထား ဆောင်ရွက်ရန်လိုကြောင်းပြောကြားခဲ့ကြောင်းသိရှိရသည်” (မူရင်းအရေး အသား အတိုင်း) ဆိုပြီး ရေးသားထား တာကို တွေ့ရပါတယ်။

ဒါ့အပြင် မြစ်ဝတီ - ကော့ကရိတ် အာရှလမ်းမကြီးတွင် အဖျက်အမှောင့် လုပ်ငန်းတွေ မလုပ်ဖို့ နဲ့ လုပ်ဆောင် မယ်ဆိုရင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်မယ်လို့ KNU ကို ထိုင်းအစိုးရ တာဝန်ရှိသူတွေက သတိ ပေးပြောဆိုတယ် ဆိုပြီးလည်း ထည့်သွင်းရေးသား ထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို ထိုင်းအစိုးရ တာဝန်ရှိသူတွေက ခေါ်ယူ တွေ့ ဆုံခဲ့တာ မရှိသလို Ko Thiha ဆိုသူ ရေးသားထားတဲ့အတိုင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားတာ လည်း မရှိလို့ပဲဖြစ်ပါတယ်။

အကယ်လို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ထိုင်းအစိုးရ က အခုလို ပြောဆိုခဲ့တာ မှန်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ထိုင်းသတင်းဌာနတွေ အပါအဝင် မြန်မာသတင်း ဌာနတွေနဲ့ နိုင်ငံတကာ  သတင်းဌာနတွေကလည်း သတင်းရေးသား ထုတ်လွှင့်ကြမှာ ဖြစ်သလို ဒေသတွင်း သတင်းအရင်းအမြစ်တွေနဲ့ KNU ဖက်ကလည်း ထုတ်ပြန် ပြောဆိုမှုတွေရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန် အထိ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခုမှ ပြောဆိုမှုတွေ မရှိသေးတာကို တွေ့ရပါတယ်။

ကရင်ပြည်သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ KNU နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်စဉ်မပြတ် သတင်း ထုတ်လွှင့် ရေးသားနေတဲ့ ကရင်ပြည်နယ် အခြေစိုက် ကရင်သတင်းစဉ်  KIC သတင်းဌာနကလည်း ဒီကိစ္စနဲ့ ပတ် သက်ပြီး သတင်းထုတ်လွှင့် ရေးသားထားတာကို မတွေ့ရပါဘူး။

 

KIC သတင်းဌာနရဲ့ သတင်းထုတ်လွှင့်ရေးသားမှုတွေကို ဒီမှာ https://bit.ly/38lgv6y နဲ့ https://bit.ly/3ufpPlc ဝင် ကြည့်လို့ရပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအကြောင်းတွေ၊ ရွှေ့ပြောင်းအလုပ်သမားအကြောင်းတွေနဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အကြောင်းနဲ့ဆိုင်တဲ့ သတင်းတွေကို အမြဲရေးသားနေတဲ့ ထိုင်းသတင်း ဌာန တစ်ခုဖြစ်တဲ့ thairath သတင်းဌာက ထုတ်လွှင့်ထားတဲ့ သတင်းတွေထဲမှာလည်း ဒီကိစ္စရပ်ကို မတွေ့ရပါဘူး။

thairath သတင်းဌာရဲ့ သတင်းထုတ်လွှင့် ရေးသားမှုတွေကို ဒီမှာ https://bit.ly/3KhIhPv ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ Ko Thiha ဆိုသူရဲ့ ရေးသားမှုဟာ တကယ် မြေ ပြင်မှာ တကယ်မဖြစ်ခဲ့တဲ့ ကိစ္စရပ်တစ်ခုကို ဖြစ်ပျက်ခဲ့သယောင် ဖန်တီးလုပ်ကြံ ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

Ko Thiha ဆိုသူက အခု ရေးသားထားတဲ့ သတင်းအမှားကို စစ်ကောင်စီ ထောက်ခံသူတွေနဲ့ အမျိုးသား အရေး လှုပ်ရှားသူတွေရဲ့ Facebook Group တွေမှာလည်း ထပ်ဆင့် မျှဝေထားတာတွေရှိသလို တစ်ဦးတစ်ယောက်ချင်း အနေနဲ့လည်း ထပ်ဆင့်ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ လက်ရှိ ကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေး သားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်း ဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...