ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာ နဲ့ အင်စီယန်ကျေးရွာက တိုက်ပွဲရှောင်နေရသည့် ဒေသခံပြည်သူများ မိမိတို့နေရပ်ဒေသကို ပြန်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသခံများမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွါးခဲ့သောကြောင့် ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာမှ မနေ့က မတ်လ (၂၂) ရက် နံနက် (၈) နာရီအချိန်တွင် မိမိတို့နေရပ်ကို ပြန်နိုင်ခဲ့ကြောင်း အင်စီယန်ကျေးရွာနေ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
” မနေ့က (၈) နာရီမှာ ပြန်ပြီ။ အင်စီယန်ရွာနဲ့ ဆွမ်ပီယန်ရွာအားလုံးပေါ့။ PCG နဲ့ အသင်းတော်တို့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ မနေ့က (၈) နာရီမှာ ပြန်ပြီ။ ဘာတွေညှိနှိုင်းတယ်ဆိုတာတော့ မသိဘူး” လို့ ဒေသခံက ဆိုပါတယ်။
ညှိနှိုင်းဆောင်ရွက်မှုအပေါ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) ဥက္ကဌ ဦးလမိုင်ဂွမ်ဂျာကို မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားသည်။
” အဲ့ဒီကိစွနဲ့ပက်သက်ပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့က စပြီး ဆွမ်ပီယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ကတည်းကနေပြီးမှ ရွာသူရွာသားတွေ စိုးရိမ်ကြောင့်ကြမှုနဲ့ တောတောင်တွေမှာ ခိုလှုံနေတယ်ဆိုတာ ကျွန်တော်တို့ ကြားသိရတယ်။ ဒီနေ့နဲ့ဆို တစ်လကျော်ရှိပြီပေါ့နော်။ တချို့ကျတော့ ပူတာအိုမှာ တိမ်းရှောင်တယ်။ တချို့ကြတော့ မြစ်ကြီးနားမှာ တိမ်းရှောင်တယ်။ မြို့ပေါ်မှာတိမ်းရှောင်တဲ့သူတွေက အဆင်ပြေတာပေါ့နော်။ ဒါပေမယ့် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကျတော့ စားရေးသောက်ရေး နေရေးထိုင်ရေး ခက်ခဲနေတာကို နေ့စဉ်နဲ့အမျှ သတင်းမှာတွေလည်း ကြားသိနေရတယ်။ ပြီးတော့ အိမ်ဆိုတာ တစ်ပတ် နှစ်ပတ်ပစ်ထားရင်တောင် ဆွေးမြေ့တတ်တယ်ပေါ့နော်။ ဒါကြောင့်ပြန်လာနိုင်အောင် သက်ဆိုင်ရာ အစိုးရနှစ်ဖက်စလုံးကို ညှိနှိုင်းပေးတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ မြှောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စာထည့်တဲ့ အချိန်မှာ လက်ခံပေးလို့ မနေ့က မတ်လ (၂၂) ရက်နေ့မှာ ပြန်လာနိုင်တာ ဟုတ်တယ်” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
လက်ရှိအချိန် ရွာအတွင်း စစ်ကောင်စီမှ တပ်စွဲနေထိုင်ခြင်း မရှိသော်လည်း တပ်စွဲနေထိုင်စဉ်က နေအိမ်များအတွင်းရှိ ပစ္စည်းများအား မွှေနှောက်ထားပြီး လမ်းမပေါ် ဖြန့်ကြဲထားကာ ၎င်းတို့ ကြိုက်နှစ်သက်သည့် ပစ္စည်းများအား စိတ်ကြိုက် သယ်ဆောင်သွားကြောင်းလည်း သိရသည်။
” အိမ်ပြန်ရလို့ ပျော်တော့ ပျော်တာပေါ့။ ဒါ့ပေမယ့် တစ်ကယ်တမ်း ကိုယ့်အိမ်ရာက်တော့ ဘာမှမရှိတဲ့ ခါကျတော့ စိတ်မကောင်းဘူး။ အားလုံးက အသစ်ပြန်တည်ထောင်ရမယ့် အနေအထားဖြစ်နေတယ်။ ဘာမှမရှိတဲ့ခါကျတော့ စိတ်က ဝမ်းနည်းတာပေါ့” ဟု အထက်ပါ ဒေသခံတစ်ဦးက ဆိုသည်။
အင်စီယန်ကျေးရွာနှင့် ဆွမ်ပီယန်ကျေးရွာတွင် အိမ်ခြေ (၂၀၀) ကျော်ရှိပြီး မနေ့က မတ်လ (၂၂) ရက်နေ့တွင် (၂) ရွာပေါင်း အိမ်ခြေ (၁၄၀) အနေဖြင့် မိမိနေရပ်ကို ပြန်လာနေထိုင်နေပြီဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်သူများအနေဖြင့်လည်း နေရပ်ပြန်လာရန်အတွက် ပြင်ဆင်နေကြောင်းလည်း သိရသည်။







