ပုသိမ်ကြီးမြို့ကို စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းရှာဖွေပြီး မြို့ခံများကို ဖမ်းဆီး

ပုသိမ်ကြီးမြို့ကို စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းရှာဖွေပြီး မြို့ခံများကို ဖမ်းဆီး

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့ တစ်မြို့လုံး နီးပါးကို စစ်ကောင်စီ တပ်က ယမန်နေ့ မတ်လ ၂၂ ရက်တွင် ၀င်ရောက် စီးနင်းပြီး ပြည်သူ ငါးဦးထက် မနည်း ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“မနက် ၈ နာရီလောက်က စပြီး တစ်မြို့လုံးကို ပိတ်စစ်တယ်။ အထူးသဖြင့် တဲကုန်းရွာနဲ့ မြို့တွင်းရပ်ကွက် နှစ်ခုသုံးခုကို ပိုက်စိတ်တိုက် စစ်တယ်။ တဲကုန်း မှာ ကောင်လေးနှစ်ယောက် ဖမ်းခံရတယ်။ သူတို့တွေ ရုတ်တရက် ၀င်လာတော့ ကလေးတွေက ကြောက်ပြီး ပြေးတာ။ အဲဒါကို လိုက်ဖမ်းပြီး ကားပေါ် ဆွဲတင်သွားတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အင်အား ၂၀ ကျော်ခန့် ရှိသော စစ်ကောင်စီ တပ်ဖွဲ့သည် နံနက် ၈ နာရီ ၀န်းကျင်မှ စ၍ ပုသိမ်ကြီးမြို့ အ၀င်အထွက် ဂိတ်များကို ပိတ်ဆို့ကာ မြို့မ ၊ အောင်မင်္ဂလာ ၊ ရန်ကင်းအောင် ၊ ရေထွက်၊ ညောင်ပင်သာ၊ သစ်ချိုကုန်း၊  ဇီးချိုကုန်း၊ တဲကုန်း အစရှိသည့် ရပ်ကွက် ကျေးရွာများအတွင်း ၀င်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

“ဧည့်စာရင်း စစ်တယ်ဆိုပြီး တစ်အိမ်တက်ဆင်း ၀င်မွှေတယ်။ တချို့ အိမ်တွေ ဖုန်းပါ အစစ်ခံရတယ်။ အောင်မင်္ဂလာဘက်မှာ သားအမိနှစ်ယောက် အဖမ်းခံရတယ်။ မြို့မ ရပ်ကွက်ထဲမှာ ဆရာမကို ရေလာ ကန်တော့တဲ့ ကျောင်းသားနှစ်ယောက် အဖမ်းခံရတယ်။ ဒါ အခုအထိ ရထားတဲ့ စာရင်းပဲ” ဟု နောက်ထပ် သတင်း ရင်းမြစ် တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဝင်ရောက် စီးနင်းခြင်းမှာ ပုသိမ်ကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့၀င် နှစ်ဦး လက်နက်များနှင့် CDM လုပ်သွားခြင်းကြောင့်ဟု ကနဦး သိရှိရသော်လည်း မဇ္စျိမက  သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်း စစ်ကောင်စီတပ်သည်  ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မန္တလေးမြို့ အနောက်ဘက် မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက် ရပ်ကွက်နှင့် စိန်ပန်းရပ်ကွက် တို့ကို ၀င်ရောက် စီးနင်းပြီး  မဟာ လူမှုကူညီရေး အသင်းကို ချိပ်ပိတ်ကာ ပရဟိတ သမားများ အပါအ၀င် အပြစ်မဲ့ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး ခဲ့သေးသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...