ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွက် အဝင်အနီးရှိ (၂၁)မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယနေ့မနက်(၅)နာရီ ဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးနိုင်ဖွယ် ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တိုက်ပွဲ ဖြစ်ပွားမှုအပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများနှင့် သေဆုံးသူများကို လာရောက်တင်ဆောင်သည်ဟု ယူဆရသည့် လူနာတင်ယာဉ် ကား(၈)စီးဖြင့် မြစ်ကြီးနားဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“နာရေးကားတောင်(၈)စီးလောက်ရှိတယ်။ အဲဒီထဲကမှ နှစ်စီးက နှစ်ခေါက်တောင် ပြန်တယ်။ သေတဲ့သူ များမယ်ထင်တယ်။ ဒဏ်ရရတဲ့ သူတွေရော ပါမယ်။ (၈)နာရီလောက်ကနေ စပြီး နာရေးကားတွေနဲ့ တင်သွားတာ”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ဂိတ်နားတွင် ဈေးရောင်းသည့် အမျိုးသမီး တစ်ဦးနှင့် ကြက်စာတင် ယာဉ်မောင်းတို့လည်း ကျည်ထိမှန်ခဲ့ကြောင်းလည်း သိရသည်။
ယနေ့မနက် တိုက်ပွဲတွင် နှစ်ဖက်တပ် အပြန်အလှန် (၁)နာရီ ဝန်းကျင်ခန့် ပစ်ခတ်ကြပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် နှစ်ကြိမ်စစ်ကူ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နယ်မြေသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်ရင်း(၁၁)နယ်မြေ ဖြစ်သည်။







