NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ ၄ ဦး ဖမ်းဆီးခံရ၊ ၁ ဦး စစ်ကြောရေးတွင် သေဆုံး

NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ ၄ ဦး ဖမ်းဆီးခံရ၊ ၁ ဦး စစ်ကြောရေးတွင် သေဆုံး

ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်က NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ လေးဦးကို ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင် ညှင်းပန်း နှိပ်စက်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“ဖမ်းဆီး ခံလိုက်ရတာက ကဝမြို့နယ် NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းထွန်း အပါအဝင် ငါးဦးပါ။ ကိုဇာနည်လင်း ဆိုတဲ့ အမျိုးသား ကတော့ မတ်လ ၇ ရက်နေ့က ပဲခူး စစ်ကြောရေးမှာ စစ်ဆေးရင်း သေဆုံး သွားတယ်လို့ သိရတယ်။ သူက အရင်ကတော့ NLD ပါတီဝင်။ အာဏာ သိမ်းပြီးတဲ့ နောက် နိုင်ငံရေးမှာ ပါဝင် ပတ်သက်မှု မရှိဘဲ သူ့အလုပ်သူ လုပ်နေတဲ့ အရပ်သား တစ်ယောက်ပါ” ဟု သတင်းရင်းမြစ်က ပြောသည်။

မတ်လ ၄ ရက်နေ့က အေးရွာသစ်အနီး စစ်ကောင်စီ သတင်းပေး နှစ်ဦး အသတ်ခံရ ပြီးနောက် မတ်လ ၅ ရက်နေ့တွင် မမောက်ကျေးရွာမှ ကိုဇာနည်လင်းကို ဖမ်းဆီးခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် ဘင်ဘန်းကန်ကျေးရွာ တွင် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းထွန်း၊ ရစ်ကန်ဘူတာမှ တစ်ဦးနှင့် နေရပ်လိပ်စာ မသိရသေးသူ နှစ်ဦး ထပ်မံ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အသက် ၃၅ ဝန်းကျင် အရွယ် ကိုဇာနည်လင်း သည် မတ်လ ၇ ရက်နေ့ ညနေ ၃ နာရီတွင် ပဲခူး စစ်ကြောရေး၌ ညှင်းပန်း နှိပ်စက် ခံခဲ့ရကာ သေဆုံးခဲ့ပြီး ၎င်းတွင် ဇနီးနှင့် လူမမယ် ကလေးငယ် တစ်ဦး ကျန်ရှိကြောင်း ဒေသခံများထံက သိရသည်။

“အပြစ်မဲ့ ပြည်သူတွေကို ဖမ်းပြီး ပြည်သူတွေကို အကြောက်တရား သွင်းတာ၊ က၀ PDF အပေါ် ပြည်သူတွေ အထင်အမြင်တွေ လွဲလာအောင် လုပ်နေတယ်လို့ဘဲ ယူဆတယ်။ အခုလို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်တဲ့ အတွက် ကဝမြို့နယ် ပြည်သူတွေက စစ်ကောင်စီရဲ့ မတရားမှု အပေါ် ပိုမိုမုန်းတီး စက်ဆုပ်မှုတွေ ဖြစ်လာမှာပါ” ဟု ဒေသခံက ဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်က ကဝမြို့နယ်အတွင်း အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးမှုများကြောင့် ရစ်ကန်ကြီးကျေးရွာနှင့် မမောက်ကျေးရွာနေ ပြည်သူအချို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့က ရစ်ကန်ကြီးကျေးရွာနေ ကိုဆန်းဝင်း(ခ) ပေါင်တိုနှင့် မက်မောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမောင်ဇော် ဆိုသူတို့ကို အေးရွာသစ်ကျေးရွာ အနီး ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) က စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီ သတင်းပေး ပျူစောထီးများ အားလုံး မတ်လ ၁၅ ရက်နေ့ နောက်ဆုံး လုပ်ရပ်များ ရပ်တန့် နုတ်ထွက်ရန် နောက်ဆုံး အကြိမ် သတိပေးထားပြီး လိုက်နာခြင်း မရှိပါက စစ်ရေး ပစ်မှတ်အဖြစ် ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်းမည်ဟု သတိပေး ထုတ်ပြန်ထားသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...