KIA သိမ်းယူထားသည့် ဆွမ်ပီယန်ကျေးရွာက တပ်စခန်းကို စစ်ကောင်စီမှ ပြန်လည်တိုက်ခိုက်နေ

KIA သိမ်းယူထားသည့် ဆွမ်ပီယန်ကျေးရွာက တပ်စခန်းကို စစ်ကောင်စီမှ ပြန်လည်တိုက်ခိုက်နေ

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည့် တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်သားများက မတ်လ ၃ ရက်နေ့(၅)နာရီ ဝန်းကျင်တွင် ပြန်လည်တိုက်ခိုက်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများက ဆွမ်ပီယန်ကျေးရွာ အဝင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာရှိ နေအိမ်များ မီးလောင်နေကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဆွမ်ပီယန် စခန်းမှာ  ဒီညနေ (၅)ခွဲလောက်မှာ ဟုတ်တယ်။ KIAတွေ သိမ်းယူပြီးတဲ့ စခန်းကို စစ်ကောင်စီတပ်တွေက ပြန်လာတိုက်တာ။ စစ်ကောင်စီတပ်သားက လက်နက်ကြီးတွေ ပစ်ပေးတော့ ရွာက အိမ်တွေ လောင်ကုန်တာ။ ရွာအဝင်ကနေကို ပစ်ပေးတာ။  သူတို့ ပစ်ပေးတဲ့ လက်နက်ကြီးတွေ၊ ဗုံးတွေကြောင့်ပေါ့ လူနေအိမ်တွေ လောင်ကုန်ပြီ။ ဘယ်လောက် လောင်တယ်ဆိုတာ မသိရသေးဘူး။ ထွက်ပြေးနေရတာ ဆိုတော့။ ရွာထဲ ဝင်နေပြီလို့ ကြားတယ်။ မနက်ဖြန်ဘာဖြစ်မယ် မသိရသေးဘူး"ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နေအိမ်များ မီးလောင်နေပြီး မည်မျှလောင်ကျွမ်းနေသည်ကို အတိအကျ မသိရှိရသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

လာရောက် ပစ်ခတ်သည့် စစ်ကောင်စီတပ်သားများသည် ပူတာအိုမှ ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသည့် သူများ ဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံအချို့၏ ပြောပြချက်အရ ရွာအတွင်းထဲ၌ စစ်ကောင်စီတပ်သား အများအပြားဝင်ရောက်နေပြီး KIAသိမ်းယူနိုင်ခဲ့သည့် တပ်စခန်းကိုမူ ၎င်းတို့ ပြန်လည် သိမ်းယူနိုင်ခြင်း မရှိသေးကြောင်း ပြောကြား နေကြသော်လည်း ဖြစ်စဉ် အတိအကျကို မြစ်ကြီးနားသတင်းဂျာနယ်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဆွမ်ပီယန်ကျေးရွာက ယင်း စစ်ကောင်စီတပ် စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဖေဖော်ဝါရီ(၁)ရက်နေ့မနက်(၁၀)နာရီ ခွဲက တိုက်ခိုက် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...