စစ်တပ်ထုတ်ကုန်များကို ထိရောက်စွာ ဆန့်ကျင်သပိတ်မှောက်ခြင်း

စစ်တပ်ထုတ်ကုန်များကို ထိရောက်စွာ ဆန့်ကျင်သပိတ်မှောက်ခြင်း

ပြီးခဲ့သည့် နှစ် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်သော မိုင်ဂျာယန်မြို့တွင် စစ်ကောင်စီ၏ ကျောထောက်နောက်ခံဖြစ်သော မြန်မာ ဘီယာဖာ ၅၁ ဖာကို ကိုဗစ်ကာလအတွင်း တရားမဝင်တင်သွင်းမှုဖြင့် KIO က ဖျက်ဆီးမှုပြုလုပ်ခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ စစ်တပ်မှ နိုင်ငံတော် အာဏာ သိမ်းပိုက်လိုက်ပြီးနောက် ၇ လအကြာတွင် KIO ဦးစီးပြီး ပထမဆုံး အကြိမ်အဖြစ် စစ်တပ်ထုတ်ကုန် ပစ္စည်းကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့သော မြင်ကွင်းဖြစ်သည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) ၏ ထုတ်ကုန်ပစ္စည်းများဖြစ်သော ယမကာစာရင်းတွင် Myanmar Brand၊ Dagon Beverages၊ Black Shield၊ Andaman Brands၊ Mandalay Brand နှင့် ဆက်သွယ်ရေးလိုင်းတွင် Mytel နှင့် MECTEL ၊ ဆောက်လုပ်ရေး၊ ခရီးသွားလာရေးစသည့် ကဏ္ဍအသီးသီးတွင် အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်ပတ်သက်သော လုပ်ငန်းများ ထုတ်ကုန်များကို အားပေးခြင်းမပြုရန် လူထု၏ ကန့်ကွက်ဆန္ဒဖော်ထုတ်သော လှုပ်ရှားမှုများမှာ အာဏာသိမ်းပြီး ၁ ပတ်ခန့်ကတည်းက စတင်နေခဲ့ပြီဖြစ်သည်။

ထိုသို့ဆန့်ကျင်ခံရပြီးနောက် မြန်မာဘီယာရောင်းအားမှာ ၄၆ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ကျပ် ၃၂ ဘီလီလျံ ကျဆင်းသွားသည်ဟု စစ်တပ်နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ Kirin ဘီယာကုမ္ပဏီ၏ ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ နောက်ဆုံး Kirin သည်လည်း စစ်တပ်စီးပွားရေးနှင့် လက်တွဲဖြုတ်ပြီး မြန်မာပြည်မှထွက်ခွာတော့မှာဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဆန့်ကျင်မှုကြောင့် စစ်တပ်ထုတ် ယမကာ ရောင်းအားကျဆင်းသည်မှာ မှန်ကန်သော်လည်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကချင်ပြည်နယ်တွင် စစ်တပ်ထုတ်ကုန်များရောင်းချမှု ပုံမှန်ဆက်ရှိနေခဲ့သည်ဟု မြို့တော် မြစ်ကြီးနားမြို့မှ ဒေသခံအများစုက ပြောဆိုနေကြသည်။ ထို့ကြောင့် ၂၀၂၂ နှစ်ဆန်းပိုင်းမှစတင်ကာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ခရိုင်အုပ်ချုပ်ရေးဌာနများ ဦးစီးပြီး စစ်တပ်ထုတ်ကုန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည်။

စစ်တပ်ထုတ်ကုန် ယမကာ ၃ မျိုးဆန့်ကျင်ရန် KIO စတင်လှုပ်ရှားလာ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ရင်း ၁၁ တည်ရှိရာ မြစ်ကြီးနားခရိုင် နှင့် ရွှေမှော်ရှိရာ ဟူးကောင်းခရိုင်တို့မှ စစ်တပ်ထုတ်ကုန် ယမကာ ဘီယာများကို မြို့တွင်းမြို့ပြင် သယ်ယူခြင်းမပြုရန်နှင့် KTV Bar များတွင် ရောင်းချခြင်းမပြုရန် အွန်လိုင်းပေါ်တွင် သတိပေး ထုတ်ပြန်ခဲ့ကြသည်။ ထို့နောက် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် KIO ပူတာအိုခရိုင်မှလည်း ဘီယာနှင့်အတူ စစ်ကောင်စီနှင့် ပတ်သက်သောပစ္စည်းများကို သယ်ဆောင် ရောင်းချခြင်းမပြုရန် ထပ်မံ ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အကြောင်းအရာအများစု တူညီသော KIO ၏ အဆိုပါထုတ်ပြန်ချက်များတွင် သတ်မှတ်ရက်နောက်ပိုင်း တားမြစ်ထားသော စစ်တပ်ထုတ်ကုန် ၃ မျိုးကို ဆက်လက်ရောင်းချသော မည်သည့်ဆိုင်ကိုမဆို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်သော ကားဆိုင်ကယ်နှင့် ယာဉ်မျိုးစုံကိုလည်း ပိတ်ပင်မှုများပြုလုပ်သွားမည်ဟု ပါရှိသည်။

ကြီးနားတွင် ဖျက်ဆီးခဲ့သော ဘီယာများ

ထိုသို့ ထုတ်ပြန်ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် မြစ်ကြီးနား မြို့တွင်း ကုန်စုံဆိုင်များမှ Myanmar Beer ၊ Dagon Beer နှင့် ABC Beer စသည့် ယမကာ ဖာ ၂၅၀ ခန့်ကို KIA က လိုက်လံ ဖျက်ဆီးခဲ့သည်။ အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း မန္တလေး မြစ်ကြီးနားလမ်းပိုင်း ဖြစ်သော ကချင် စစ်ကိုင်းအစပ်တွင် KIA နှင့် PDF များမှ စစ်တပ်ထုတ် ဘီယာများကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင်သယ်ဆောင်လာသော စစ်တပ်ထုတ်ကုန် ဘီယာများကို KIA နှင့် PDF များက ဖျက်ဆီးခဲ့သည်။

အဆိုပါ KIO အုပ်ချုပ်ရေးခရိုင် ၃ ခုစလုံး၏ ထုတ်ပြန်ချက်နှင့် ဖျက်ဆီးခဲ့သည့် စစ်တပ်ထုတ်ကုန် စာရင်းတွင် Myanmar Beer ၊ Dagon Beer နှင့် ABC Beer စသည့် ယမကာ ၃ မျိုးသာ ပါဝင်နေသည်။

အရေးတော်ပုံ အမြန်အောင်မြင်ရန် ပြည်သူများ ဝေးဝေး နေရမည့် စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသော လုပ်ငန်း၊ ထုတ်ကုန် စုစုပေါင်း ၅၄၂ မျိုးရှိကြောင်း ‘Way Way Nay Boycott’ အပလီကေးရှင်းတွင် ဖော်ပြထားသည်။

အဆိုပါ အပလီကေးရှင်းကို ဒီမိုကရေစီလိုလားသော လူငယ်များ စုစည်းတည်ထောင်ထားခြင်း ဖြစ်သည်။ ထို ဝေးဝေးနေရမည့်စာရင်းတွင် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ အနုပညာ၊ မီဒီယာ စသဖြင့် ကဏ္ဍအသီးသီးတွင် စိုးမိုးထားသော စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်း၊ စစ်ဗိုလ်များနှင့် ဆက်နွယ်သော လုပ်ငန်းအများအပြားကို ဝင်ရောက်စစ်ဆေးနိုင်ပါသည်။

ခေတ်အဆက်ဆက် မြန်မာပြည်ကို ဗိုလ်ကျအုပ်စိုးခဲ့သော စစ်ဗိုလ်များနှင့် ၎င်းတို့၏ ဆွေစဉ်မျိုးဆက် များသည် နိုင်ငံတစ်နိုင်ငံအတွင်း နောက်ထပ် စစ်တပ်နှင့်သက်ဆိုင်သော အင်ပါယာတစ်ခုကို နှစ်ပေါင်းများစွာ အချိန်ယူထပ်မံတည်ဆောက်ခဲ့သည်ကို တွေ့နိုင်ပါသည်။

ထိုကဲ့သို့သော အမြစ်တွယ် အားကောင်းသော မြန်မာစစ်တပ်နှင့် ၎င်း၏ ရေသောက်မြစ်များကို နွေဦးတော်လှန်ရေးတွင် အမြစ်ဖြတ်တော်လှန်ကြမည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်တွင် အခြားထုတ်ကုန်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ယမကာ ၃ မျိုးကိုပင် ဆန့်ကျင်သပိတ်မှောက်ရန် အလွန်ခက်ခဲကြောင်း ရှေ့တန်း PDF နှင့် နီးစပ်သူတွေက ညည်းထွား နေကြပါသည်။

KIA ၏ အရေးယူ ဖျက်ဆီးမှုနောက်ပိုင်း မြစ်ကြီးနားမြို့ပေါ်တွင် စစ်ကောင်စီထုတ် ယမကာများကို ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလျော့နည်းလာသည်ဟု မြစ်ကြီးနားမြို့ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးပြောသည်။ ယခင်က တစ်ရက်လျှင် ဘီယာမှ ဝင်ငွေ ကျပ် ၁၀ သိန်းခန့်ရှိသော်လည်း ယခု ထိုမျှလောက် မရရှိတော့ကြောင်း ဆိုသည်။ KIO မြစ်ကြီးနားခရိုင်၏ အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးက မြို့တွင်းရှောင်တခင် စစ်ဆေးအရေးယူမှုများကို ပုံမှန်ပြုလုပ်သွားမည်ဟု KNG သတင်းဌာနကို ဖြေဆိုခဲ့သည်။

မြစ်ကြီးနားမြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းအထိ စစ်တပ်ထုတ်ကုန် ယမကာ ရောင်းချမှု လျော့ကျသွားသော်လည်း မြစ်ကြီးနားမြို့နှင့် တစ်ဖက် ဝိုင်းမော်မြို့ ပြည်သူ့စစ်ဒေသများတွင် စစ်တပ်ထုတ် ဘီယာသောက်သုံးမှု ဆက်ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီဘက်မှလည်း တန်ပြန်လှုပ်ရှားမှုစတင်လာ

စစ်ကောင်စီတပ် အထပ်ထပ် အင်အားချထားသော မြစ်ကြီးနားမြို့ရှိ ကုန်စုံဆိုင်များမှ အရက်ဘီယာများကို KIA မှ လိုက်လံ ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီဘက်မှလည်း တန်ပြန်လှုပ်ရှားမှု ပြုလုပ်လာနေသည်။ ယခင်က မရှိခဲ့သော အဆိုပါ လှုပ်ရှားမှုမျိုးကို လူငယ်အရွယ် PDF များသာ လုပ်နိုင်ကြောင်း စစ်ကောင်စီဘက်မှ ယူဆပုံရပါသည်။

ထို့ကြောင့် ဇန်နဝါရီလ နောက်ဆုံးအပတ်မှ ယနေ့အထိ မြစ်ကြီးနားမြို့ပေါ်တွင် အရပ်ဝတ်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယခင်ထက် နှစ်ဆတိုး လှုပ်ရှားလာပြီး လမ်းသွားလမ်းလာ လူငယ်များကို စစ်ဆေးမှု ပိုမိုများလာခဲ့သည်။ လမ်းတွင် စစ်ဆေးမခံသူများကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်နေသလို ယခင်က သပိတ်မှောက်လှုပ်ရှားမှု တွင်ပါဝင်ခဲ့သူများကိုလည်း ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေပါသည်။ ရပ်ကွက်ထဲ သတင်းပေးသူများမှ လူငယ်လူရွယ်ရှိသော နေအိမ်များကို ညွန်ပြခြင်းဖြင့် စစ်ကောင်စီတပ်များသည် အိမ်အထိ လာရောက်စစ်ဆေးမှုများပြုလုပ်နေသည်။

တစ်ဖက်တွင်လည်း အရပ်ဝတ်စစ်ကောင်စီတပ်သားများက မြို့တွင်း ကုန်စုံဆိုင်များတွင် လူထုမှ သပိတ်မှောက်ထားသော Mytel ဖုန်းကတ် နှင့်  ငွေဖြည့်ကတ်များ၊ အရက်ဘီယာများ ရောင်းချခြင်းရှိ မရှိစစ်ဆေးနေပြီး စာရင်းမှတ်ယူမှုများလည်း ပြုလုပ်နေသည်ဟု ကုန်ပစ္စည်းရောင်းဝယ်သည့် ပြည်သူများထံမှ သိရသည်။

ထို့ကြောင့် KIA အနေဖြင့် ပျားအုံကို တုတ်ဖြင့် ထိုးကလောနေသည့် ပုံစံမျိုး မဟုတ်ဘဲ မီးမွေးကာ ဖျက်ဆီး လိုက်သင့်သည်ဟု ရှေ့တန်း PDF လုပ်ငန်းများတွင် ပါဝင်နေသူတစ်ဦးကလည်း ပြောပါသည်။

အာဏာသိမ်းပြီးခါစတွင် စစ်ကောင်စီတပ်များသည် စစ်တပ်ယူနီဖောင်းဖြင့် မြို့ပေါ်ရဲရဲတင်းတင်း သွားလာလှုပ်ရှားနိုင်ခဲ့သော်လည်း PDF များ နေရာအနှံ ဝင်ရောက်လာပြီးနောက် ဗုံးခွဲတိုက်ခိုက်မှု မကြာခန ကြုံရသောကြောင့် လက်ရှိအချိန်တွင် အရပ်ဝတ်ဖြင့် ပိုမိုလှုပ်ရှားလာနေသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်နေသည်။

စစ်တပ်ထုတ်ကုန်များကို ပိုမိုထိရောက်စွာ သပိတ်မှောက်ရန်

ကချင်ပြည်နယ်တွင် KIA အနေဖြင့် မည်မျှပင် ပိတ်ပင်တားဆီးနေသော်လည်း စစ်တပ်ထုတ် ဘီယာများကို သောက်သုံးသော ပြည်သူများ ရှိနေပါက ရာနှုန်းပြည့် တားဆီးနိုင်မည် မဟုတ်ကြောင်း စစ်တပ်ထုတ်ကုန်ဆန့်ကျင်သည့် ကချင်တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး ကလည်း ပြောသည်။ အလားတူ မြစ်ကြီးနားတွင် Mytel wifi အသုံးပြုသော နေအိမ်များနှင့် ဆင်းကပ်အသုံးပြုနေသူများလည်း ရှိနေဆဲဖြစ်သည်ဟု စုံစမ်းသိရှိရပါသည်။

စစ်ကောင်စီသည် ကချင်ပြည်နယ်အတွင်း သဘာဝသယံဇာတနှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် ချိတ်ဆက်နေသော စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေအများအပြား ရနေဆဲဖြစ်သည်။ ထိုသို့ စစ်ကောင်စီ၏ ထုတ်ကုန်အားလုံးကို သပိတ်မှောက်နိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း ကချင်ပြည်နယ်တွင် စစ်တပ်ထုတ် အရက် ယမကာ ၃ မျိုးကိုပင် ရှောင်ရှားနိုင်ရန် ပြည်သူများ ခက်ခဲနေသည်ကို တွေ့ရသည်။

‘Way Way Nay Boycott’ စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရန် စုစည်းထားသည့် အပလီကေးရှင်းတွင် အဆိုပါ ထုတ်ကုန်များကို ဝေးဝေးကင်းကင်းနေနိုင်ပါက အရေးတော်ပုံ အမြန်အောင်မည်ဟု ဆိုထားပါသည်။ စစ်ကောင်စီသည် မည်မျှပင် အမြစ်တွယ်ကောင်းသောအပင်ဖြစ်စေကာမူ ၎င်း၏ ရေသောက်မြစ်ဖြစ်သော ဝင်ငွေရလမ်းကြောင်းများကို အမြန်ဖြတ်တောက်နိုင်ပါက နောက်ဆုံး သစ်ကိုင်းခြောက်သာ ဖြစ်သွားမည်ဖြစ်သည်။

KIO က ထုတ်ပြန်သော Myanmar Beer ၊ Dagon Beer နှင့် ABC Beer စသည့် ယမကာ ၃ မျိုးသည် မသောက်မဖြစ် ဆေးဖက်သော ထုတ်ကုန်များ မဟုတ်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ သို့သော် အဆိုပါ အရက် ၃ မျိုးကိုပင် ကချင်ပြည်နယ်တွင် အမြစ်မဖြတ်နိုင်ပါက အကြမ်းဖက်စစ်တပ်ဟု သမုတ်ခံရသော စစ်ကောင်စီတပ်ကို လက်တွေ့မှာ အမြစ်ဖြတ်နိုင်မလားဆိုသည့် မေးမြန်းစရာ အချက် ရှိလာနေပါသည်။

Most read this week

May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...