ချင်းပုန်းကျေးရွာ၌ ကလေးငယ် အယောက် ၈၀ အပါအ၀င် ဒေသခံ ရာချီကို စစ်ကောင်စီတပ် ဖမ်းဆီးထား

ချင်းပုန်းကျေးရွာ၌ ကလေးငယ် အယောက် ၈၀ အပါအ၀င် ဒေသခံ ရာချီကို စစ်ကောင်စီတပ် ဖမ်းဆီးထား
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ချင်းပုန်းကျေးရွာသို့ လာရောက်ပစ်ခေတ်ခဲ့သည့် စစ်ကောင်စီရဟတ်ယာဉ် တစ်စီး
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ချင်းပုန်းကျေးရွာသို့ လာရောက်ပစ်ခေတ်ခဲ့သည့် စစ်ကောင်စီရဟတ်ယာဉ် တစ်စီး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာ၌ ငါးနှစ်အောက် ကလေးငယ် အယောက် ၈၀ အပါဝင် ရွာခံများ ရာနှင့်ချီ၍ အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံထားရကြောင်း ဒေသခံများက ပြောသည်။။

“မနေ့က တိုက်ပွဲမှာ ပိတ်မိ နေကြတာပါ။ ချင်းပုန်းကျေးရွာရဲ့ ရွာဦး ဆရာတော်က မူကြိုကျောင်း ဖွင့်ထားတာ။ သုံးလ ၀န်းကျင်လောက်ရှိပြီ ၊ အဲဒီမှာ စာသင် ပေးနေကြတာ။ ချင်းပုန်း ကျေးရွာက ကလေးတွေ၊ ညောင်းကုန်းကျေးရွာက ကလေးတွေနဲ့ အနီးနားက ကလေးတွေ တတ်ကြတာ။ ငါးနှစ်အောက် ကလေးငယ် အယောက် ၈၀ ၀န်းကျင်၊ မူကြို သင်ပေးတဲ့ ဆရာမ ၁၀ယောက် ၊ ကွန်ပျုတာ သင်တန်းက ၁၅ ဦး၀န်းကျင်နဲ့ ဒေသခံ အယောက် ၄၀ ၀န်းကျင်လောက်က ဒီနေ့ မွန်းလွဲပိုင်း အထိ အဆက်အသွယ် မရဘူး ဖြစ်နေတယ်။ အကုန်လုံးက စိုးရိမ်နေကြတယ် “ ဟု ညောင်ကုန်းကျေးရွာ ဒေသခံ က ပြောသည်။

ညောင်ကုန်းကျေးရွာ နှင့် ချင်းပုန်း ကျေးရွာသည် လှမ်းမြင်နေရသည့် အကွာအဝေးတွင် တည်ရှိပြီး ချင်းပုန်းကျေးရွာသည် အိမ်ခြေ ၂၀၀ ၀န်းကျင် ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် ချင်းပုန်းကျေးရွာ ဆရာတော် အပါအ၀င် မည်သူနှင့်မျှ အဆက်အသွယ် မရ ဖြစ်နေခြင်းကြောင့် ကလေးငယ်များ၏ မိဘများက စိုးရိမ်လျက် ရှိသည်။

“ ချင်းပုန်းကျေးရွာမှာက အိမ်တချို့မှာ လူမရှိကြဘူး။ ကလေးမိဘ တွေက ယာထဲ ရောက်နေကြတာ။ ရဟတ်ယာဉ်နဲ့ လာပစ်တော့ တချို့က ထွက်ပြေးနိုင်ပြီး တချို့က ကျန်ခဲ့ကြတာ။ ကလေးတွေက အဲဒါကြောင့် ရွာထဲမှာ ပိတ်မိသွားတာပါ “ ဟု မြေပြင် အခြအနေကို ထပ်မံ ရှင်းပြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ညောင်ကုန်းကျေးရွာ၏ မြောက်ပိုင်းဘက်တွင် ပြုလုပ်နေသည့် အသုဘ နေရာကို ရဟတ်ယာဉ် လေးစီးဖြင့် ယမန့်နေ့ ဖေဖော်၀ါရီလ ၂၆ ရက်နေ့ နံနက် ၁၀ ၀န်းကျင်ခန့်က စတင် ပစ်ခတ် ခဲ့ပြီးနောက် ချင်းကုန်းကျေးရွာ အတွင်းသို့ ထပ်မံပစ်ခတ်ကာ တပ်စွဲလျက် ရှိသည်။

“မနေ့က ညောင်ကုန်းကျေးရွာ မြောက်ပိုင်း မှာ အသုဘ တစ်ခု ရှိတယ် ။ စစ်ကာင်စီက အဲဒီ အသုဘကို အရင်ပစ်တာပါ။ လူတစ်ဦး ခြေထောက် ထိတယ်။ လယ်ကွင်းထဲက တစ်ဦး ခြေထောက်တယ်။ နောက် ချင်းပုန်း ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် နဲ့ ပစ်တာပါ ။ အဝေးက ကြည့်ရသလောက် ရဟတ်ယာဉ် က သုံးစီးနဲ့ လူလာချတယ်။ နောက် နှစ်စီး နှစ်ခေါက် သယ်တယ်။ တစ်စီး တစ်ခေါက် သယ်ပြီး လူလာချတယ်။ ပြန်သွားလိုက် ပြန်လာလိုက်တာ အင်အား ၁၀၀ ၀န်းကျင်လောက် ရှိမယ် ” ဟု ဒေသခံက ပြောသည်။

ရဟတ်ယာဉ်ဖြင့် ပစ်ခေတ်မှုကြောင့် ချင်းပုန်းကျေးရွာ နေအိမ်ခြောက်လုံး နှင့် အိမ်စီးကား နှစ်စီး မီးလောင်ကျွမ်းခဲ့သည်။

ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်များ ချင်းပုန်းကျေးရွာ၌ သင်တန်းဆင်းပွဲ လုပ်နေစဉ် ဖေဖော်၀ါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြုကာ လာရောက် တိုက်ခိုက်ခဲ့သည် ဆိုသည့် သတင်းကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိအချိန်တွင် အင်အား အယောက် ၁၀၀ ၀န်းကျင်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သည် ချင်းပုန်း ကျေးရွာ၌ တပ်စွဲထားပြီး အနီးနား ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် နေကြောင်း ဒေသခံထံက သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...