NLD နှင့် SNLD ပါတီတို့ စာရင်းစစ်မခံပါက ပါတီဖျက်သိမ်းနိုင်သည့် ပုဒ်မဖြင့် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်

NLD နှင့် SNLD ပါတီတို့ စာရင်းစစ်မခံပါက ပါတီဖျက်သိမ်းနိုင်သည့် ပုဒ်မဖြင့် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်

NLD ပါတီနှင့် SNLD ပါတီတို့အနေဖြင့် စာရင်းစစ်မခံပါက ပါတီဖျက်သိမ်းနိုင်သည့် ဥပဒေပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် မီဒီယာအချို့ကို ဖြေကြားထားသည်။

စစ်ကောင်စီလက်အောက်ခံ UEC က NLD ပါတီအပါအဝင် ပါတီ လေးခု၏ စာရင်းများကို ယခုလဖေဖော်ဝါရီ ၁၄ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ပါတီများကို ဆက်သွယ်အသိပေးခဲ့ကြောင်း သိရသည်။

သို့သော် NLD ပါတီနှင့် SNLD ပါတီတို့မှာ သတ်မှတ်ရက်တွင် စာရင်းများ စစ်ဆေးခံယူမှုမရှိဟု UECက ဆိုသည်။

ထို့ကြောင့် အဆိုပါ ပါတီ နှစ်ပါတီ၏ စာရင်းများကို မတ်လ ၉ရက်နောက်ဆုံးထားပြီး လာရောက်အစစ်ဆေးခံရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(ဂ)၊ (ဃ)၊(င)တို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း ထပ်မံအကြောင်းကြားထားသည်ဟု သိရသည်။

ထိုသို့အကြောင်းကြားမှုကို လက်ခံရရှိကြောင်း SNLDပါတီက အတည်ပြုသည်။

SNLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က"ငွေစာရင်းစစ်ဆေးတယ်ဆိုတာ လုပ်ငန်းသဘောသဘာဝအရ အစစ်ဆေးခံမယ့်အဖွဲ့အစည်းရဲ့တည်နေရာကို လာပြီးတော့မှ စစ်ဆေးရမှာပေါ့။ တကယ် လို့ သူတို့ညွှန်းဆိုတဲ့အတိုင်း ဘယ်နေရာ ဘယ်ဒေသ ဘယ်ဌာနကိုလာပြီး အစစ်ဆေးခံပါဆိုတာမျိုးက ကျွန်တော်တို့မှာ စာရင်းဇယားတွေမှားယွင်းနေလို့ ဒါမှမဟုတ် အပြစ်တစ်စုံတစ်ရာရှိလို့ သွားပြီးအစစ်ဆေးခံတယ်ဆိုတဲ့သဘောသက်ရောက်တယ်လို့ ကျွန်တော်တို့က ရှုမြင်တယ်"ဟု ပြောသည်။

ထို့ကြောင့် ၎င်းတို့ဘက်က ဆင့်ဆိုသည့်နေရာသို့ သွားရောက် အစစ်ဆေးခံရန် အစီအစဥ်မရှိဟု ပါတီ CEC ကဆုံးဖြတ်ထားကြောင်း ဦးစိုင်းလိတ်ကဆိုသည်။

အဆိုပါ ပုဒ်မ ၂၄(ဂ)၊ (ဃ)၊(င)တို့အရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကို သုံးနှစ်အထိရပ်ဆိုင်းနိုင်ပြီး ယာယီရပ်ဆိုင်းသည့်ကာလ ကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်းလိုက်နာရန် ပျက်ကွက်လျှင် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပြီး ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် ပုဒ်မခွဲ (ဂ)အရ ပါတီမှတ်ပုံတင်ထားခြင်း ယာယီရပ်ဆိုင်းခံရလျှင် အဆိုပါကာလအတွင်း ကော်မရှင်က ညွှန်ကြားထားသောလုပ်ငန်းများမှအပ ပါတီ၏ကျန်လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရမည်လည်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ပါတီဝင်များကိုလည်း ဖမ်းဆီးထောင်ချခြင်း၊ ပိုင်ဆိုင်မှုများချိပ်ပိတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...