Published
Friday, July 14, 2017
ယာဉ်မတော်တဆမှုကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ခြေသလုံးအရိုးကျိုး
ဇူလိုင် ၁၄ ရက်၊
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ယနေ့(ဇူလိုင်လ ၁၄ ရက်နေ့)တွင် ကျရောက်သည့် တောင်ကလေး ဆရာတော် ဦးပညာသာမိ၏ (၅၇)နှစ်မြောက် ဝိဇာတ မွေးနေ့မင်္ဂလာ အခမ်းအနားသို့ အသွား နံနက် ရ နာရီ ၁၀ မိနစ် အချိန်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ဘယ်ဘက်ခြေသလုံး အရိုးကျိုးသွားခဲ့ကြောင်း သိရသည်။
ကားဒရိုင်ဘာ တစ်ဦးနှင့်အတူ ၀န်ကြီးချုပ်စီးနင်းသည့် လန်ခရူဇာ အဖြူရောင်ကားမှာ ဖားအံမြို့အပြင်ဘက်ရှိ ဖားအံ ဂေါက်ကွင်းရှေ့အရောက်တွင် တိုက်ရော့တန်း ပြုတ်ထွက်ပြီး လမ်းဘေးရှိသစ်ပင်အား ၀င်ရောက်တိုက်မိခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ၀င်များနှင့်နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဒရိုင်ဘာမှာ တစုံတရာ ထိခိုက်ခြင်းမရှိပဲ ကားနောက်ခန်းတွင် လိုက်ပါသည့် ဝန်ကြီးချုပ်၏ ဘယ်ဘက်ခြေသလုံး အရိုးကျိုးဒဏ်ရာနှင့် ခန္ဓာကိုယ် အနည်းငယ်ထိခိုက် (မစိုးရိမ်ရ)ဒဏ်ရာရှိသွားခဲ့သဖြင့် လက်ရှိဖားအံဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။







