ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လက်တွဲလုပ်ဆောင်ကြရန် KNU ဖိတ်ခေါ်

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လက်တွဲလုပ်ဆောင်ကြရန် KNU ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH တို့ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF တွင် ပါဝင်လက်တွဲကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကော်မတီဖွဲ့စည်းပြီး မတ်လ ၃၁ ရက် မိန့်ခွန်းအတွင်း ဖိတ်ခေါ်တိုက်တွန်းသည်။

တော်လှန်ရေးအရှိန်မြှင့်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ပြီး မတ်လ (၃၀)ရက်နေ့က ကေအဲန်ယူ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA)နှင့် NUG၊ CRPH တို့ပါဝင်သော အဆိုပါဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ဟာ တာဝန်ယူပြတ်သားမှုနဲ့အတူ ဒီဦးဆောင်ကော်မတီမှာ ပါဝင်ကြပါတယ်။ အခွင့်အရေးတွေနဲ့ဆန္ဒကိုလေးစားတဲ့ပြည်ထောင်စုတစ်ခု တည်ဆောက်ဖို့ ကျနော်တို့အတူတကွလက်တွဲ လုပ်ဆောင်ဖို့ အဆင်သင့်ရှိပါတယ်” ဟု ကေအဲန်ယူဥက္ကဋ္ဌက ပြောသည်။

SCEF တွင် တော်လှန်ရေးလုပ်ဆောင်နေကြသည့် အသင်းအဖွဲ့၊ အင်အားစုများအချင်းချင်းကြား မတူညီကွဲပြားမှုများကို လေးစားတန်ဖိုးထားသော စည်းလုံးညီညွှတ်မှုတည်ဆောက်ရန် လုပ်ဆောင်သွားမည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ကနဦး ကော်မတီဖွဲ့စည်းခြင်းကြေညာချက်အရ ပြည်နယ်/ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်နက်ကိုင်များကို ကိုယ်စားပြု၊ ပြည်သူ့ကိုယ်စားပြုနှင့် အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စသဖြင့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် SCEF ကို ဖွဲ့စည်းထားကြောင်း သိရသည်။

ထိုအထဲတွင် အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ကို ကေအဲန်ယူဥက္ကဌက အလေးပေးဖော်ပြသည်။ အမျိုးသမီးများ၏ဦးဆောင်မှုအခန်းကဏ္ဍအား လုံလောက်စွာအသိအမှတ်ပြုနိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဥ်တွင် မဏ္ဍိုင်တစ်ရပ်အနေဖြင့်သတ်မှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက “အမျိုးသမီးများရဲ့ဦးဆောင်မှုပါဝင်လာဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ပြည့်စုံတဲ့ပါဝင်မှုကို ကျနော်တို့ကြိုဆိုပါတယ်” ဟု ဖိတ်ခေါ်ပြောဆိုသည်။

ထိုဦးဆောင်ကော်မတီတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်အမြစ်ပြတ်ရေး ဘုံသဘောတူညီချက်ဖြင့် K3C အဖြစ်ပေါင်းစပ်လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာသော်လည်း အာရက္ခတပ်တော်-AA၊ မွန်လက်နက်ကိုင်တပ်ဖွဲ့ တို့ကဲ့သို့ အခြားအင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်မှုမတွေ့ရသေးပေ။

တဖက်တွင်လည်း စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်လာသော ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်ခေါ်ယူခဲ့ပြီး အစိုးရစုဖွဲ့သည့်လုပ်ငန်းစဥ်များ လုပ်ဆောင်လျက်ရှိသည်။

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...