အာရှလမ်းဖွင့်ပွဲလုပ်ရန် ပြည်နယ်စစ်အုပ်စု လုံခြုံရေးယူ၍ အင်အားပြင်

အာရှလမ်းဖွင့်ပွဲလုပ်ရန် ပြည်နယ်စစ်အုပ်စု လုံခြုံရေးယူ၍ အင်အားပြင်
Photo:KIC
Photo:KIC

ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ရန် ဖားအံမြို့နယ်၊ လွန်းညရေပြာအိုင်အနီးရှိ တံတားဦးကျေးရွာတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ၍ အင်အားပြင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

မတ်လ ၃၁ ရက်က ကော့ကရိတ်-ဖားအံလမ်းပေါ်တည်ရှိသည့် တံတားဦးကျေးရွာတွင် အာရှလမ်းဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဖိတ်ကြားစာတစ်စောင် လူမှုကွန်ရက်မီဒီယာတွင်ထွက်ပေါ်လာသည်။

ဖွင့်ပွဲလုပ်ရန်ပြင်ထားသည့်နေရာ၌ လမ်းဖွင့်ပွဲအတွက် စစ်အုပ်စုတပ်ဖွဲ့ဝင်များ လုံခြုံရေးယူလျက်ရှိသည်ဟု မျက်မြင်တွေ့ခဲ့သူများက ပြောသည်။

“လွန်းညနားမှာဂိတ်တွေဆောက်နေတယ်လေ။ မနက်ဖြန်အာရှလမ်းဖွင့်ဖို့၊ အဲဒီဂိတ်က Custom ဂိတ်လို့ပြောတယ်။ လုံခြုံရေးလည်း အပြည့်ယူထားတယ်။ အခုပဲ ကားဖြတ်လာတာ။ စစ်သားတွေချည်းပဲ” ဟု မြဝတီ-ဖားအံ ခရီးသွားတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့အပြင် လမ်းပြန်လည်ဖွင့်လှစ်သော်လည်း လတ်တလော ခရီးသည်တင်မော်တော်ယာဥ်များသာ ပေးသွားမည်ဖြစ်ပြီး ကုန်တင်ယာဥ်များသွားလာခွင့်မပြုသေးကြောင်း ဖားအံမှမြဝတီသို့ ကုန်သယ်ယူပို့ဆောင်ရေးလုပ်နေသည့်အသိုင်းအဝိုင်းမှ သတင်းထွက်ပေါ်နေသည်။

မြဝတီ-ကော့ကရိတ်-ဖားအံ မော်တော်ယာဥ်မောင်းအသိုင်းအဝိုင်းကမူ နံနက်ဖြန်ဖွင့်ပွဲပြီးနောက် လမ်းပြန်လည်ဖွင့်လှစ်မည်ဆိုသည့်တိုင် ကုန်သွယ်သွားလာရေး လုံခြုံရေးစိုးရိမ်စိတ်ရှိနေသည်ဟု ဆိုသည်။

ဖားအံမှမြဝတီ ကုန်သွယ်နေသည့် ယာဥ်မောင်းက “သူများတွေဆင်းမယ်ဆိုမှ လိုက်ဆင်းမယ်လေ။ ဒီတိုင်းတော့မသွားရဲသေးပါဘူး အနည်းဆုံးတော့ တစ်ပတ်လောက်စောင့်ကြည့်ဦးမယ်။ အရင်ဦးဆုံးတက်ရင် တစ်ခုခုဆိုအရင်ဆုံးထိမှာ” ဟု ကေအိုင်စီကို ပြောသည်။

အာရှလမ်းမကြီးသွားလာခွင့်ပိတ်ပြီးနောက်ပိုင်းတွင် ပြည်တွင်းမှ ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရေး၊ ခရီးသွားလာရေးအတွက် အများစုမှာ ယခင်အာရှလမ်းဟောင်းနှင့် တောင်ပေါ်လမ်းများကို အသုံးပြုနေရခြင်းဖြစ်သည်။

ထိုလမ်းများတွင်လည်း လက်နက်ကိုင်ဂိတ်များမှ ဂိတ်ကြေးအဆမတန်တောင်းခံမှုနှင့် အစစ်အဆေးများကြောင့် အခက်အခဲများစွာတွေ့ကြုံနေရ၍ ယခုလိုအာရှလမ်းပြန်ဖွင့်သည့်အပေါ် ဝမ်းသာကြိုဆိုနေကြသူများလည်းရှိသည်။

၂၀၂၃ ခုနှစ်က နယ်မြေထိန်းချုပ်နိုင်ရေး စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်မဟာမိတ်တပ်ဖွဲ့များ အာရှလမ်းမကြီးပေါ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KNLA ဘက်က အသာစီးရခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်တွင် အောင်ဇေယျစစ်ဆင်ရေးဖြင့် စစ်အုပ်စုက အင်အားသုံးစစ်ကြောင်းထိုးလာပြီးနောက် အာရှလမ်းမကြီးကို တော်လှန်ရေးပူးပေါင်းတပ်က လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

သို့သော် နယ်မြေမတည်ငြိမ်မှုကြောင့် ယနေ့ထိတိုင် အရပ်သားပြည်သူအသွားအလာလုပ်ရန် အခက်အခဲရှိခဲ့ပြီး မြဝတီဘက်တွင် သင်္ယန်းညီနောင်အထိ ဖားအံဘက်တွင် ကော့ကရိတ်အထိသာ သွားလာခွင့်ရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...
Photo: KNU
March 30, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ဒေသများကို...