အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအခက်တွေ့

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအခက်တွေ့

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင် စသည့်မြို့နယ်တို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များမှာ နေရေးထိုင်ရေးအခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

စစ်ဘေးရှောင်များခိုလှုံနေသည့် နေအိမ်များမှာ အမိုးအကာဆွေးမြေ့ပျက်စီးနေပြီသဖြင့် ယနေ့နံနက်ပိုင်းကမိုးရွာသွန်းရာတွင် မိုးမလုံသည့်အတွက်ဒုက္ခတွေ့နေရကြောင်း စစ်ဘေးရှောင်တို့က DMG ကိုပြောသည်။

“အချိန်အခါမဟုတ်မိုးရွာတယ်။ အမိုးအကာတွေမလုံတော့ အစို အစွတ်တွေရှိတယ်။ အိမ်တစ်ဆောင်ပြုပြင်ဖို့အထိလည်း ကျနော်တို့မတတ်နိုင်ဘူး။ အစိုအစွတ်တွေရှိရင်လည်း အဲအတိုင်းနေရတာပေါ့။ အိမ်မှာမိုးထားတဲ့ အမိုးတွေကလည်း အားလုံးဆွေ့မြေ့နပြီ၊ အဖွဲ့အစည်းတွေလာကူမယ့်ဟာကို စောင့်ဆိုင်းနေရတယ်”ဟု ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်လှရွှေက DMG သို့ပြောသည်။

ယမန်နေ့ညက မိုးရွာသွန်းမှုကြောင့် မိုးစိုစွတ်ကာ တစ်ညလုံးမအိပ်ဘဲ ထိုင်နေရကြောင်း ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ကိုထွန်းချေ‌မောင်က DMG သို့ပြောသည်။

“ညက မိုးအများရွာသွားပါတယ်။ အမိုးအကာတွေက ဆွေးပြီးပေါက်ပြဲနေတော့ မိုးတွေယိုတာကြောင့် ကျနော်တို့တစ်ညလုံးမအိပ်ပဲထိုင်နေရတယ်။ အိမ်တွေကလည်းပြိုနေပြီ၊ အမိုးအကာတွေဖြစ်တဲ့ တာပိုလိတ်တွေကလည်း ဟောင်းနွမ်းပျက်စီးနေပြီ”ဟု ကိုထွန်းချေကပြောသည်။

သို့သော်လည်း ယမန်နေ့ကမိုးရွာသွန်းမှုကြောင့် မလုံခြုံသည့်သူတို့မှာ မိုးဆက်လက်သည်းထန်ရွာသွန်းလာမည်ကို စိုးရိမ်နေရကြောင်းလည်း တောင်မင်းကုလားကျေးရွာ စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးအောင်ကျော်ဝင်းက DMG ကိုပြောသည်။

“မိုးက ညကနည်းနည်းလေးရွာခဲ့တယ်။ အခုလည်း မိုးအုံးနေတယ်။ တကယ်လို့ မိုးသာအများရွာလာမယ်ဆိုရင် စစ်ဘေးရှောင်တွေအကုန်လုံး ဒုက္ခရောက်ကြမှာ။ အမိုးအကာတွေက မလုံခြုံတော့ဘူး၊ သိပ်စိတ်ညစ်စရာကောင်းတယ်”ဟု သူဦးအောင်ကျော်ဝင်းကဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ ယနေ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းသည့်အတွက် ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်ဟု သိရသည်။

ယင်းကြောင့် လက်ရှိတွင်မိုးရွာသွန်းမှုကြောင့် စခန်းအသီးသီး၌ နေထိုင်ကြသည့် နာတာရှည်‌ရောဂါသည်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ မွေးကင်းစမိခင်များနှင့် ကိုယ်ဝန်ဆောင်များအတွက် ကျန်းမာရေးထိခိုက်လာနိုင်ကြောင်းလည်း မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဆရာတော်နန္ဒသာရမှ DMG သို့ မိန့်ကြားသည်။

“သူတို့တွေအတွက် မိုးအများရွာလာရင် လူအများစုသုံးတဲ့ကျောင်းဆောင်ကို ရွှေ့ပြောင်းပေးမယ်လို့တော့စီစဉ်ထားတယ်။ သူတို့တွေအတွက် ပထမဆုံးတော့ရွှေ့ပြောင်းရတာ အခက်အခဲရှိမယ်။ နောက်တစ်ခုက ရာသီဥတုဒဏ်ကြောင့် ကျန်မာရေးဆိုးဝါးလာနိုင်တယ်”ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။

ယင်းကြောင့် စစ်ဘေးရှောင်တို့နေထိုင်ကြသည့် အိမ်များကို အစိုးအရ၊ လူမှုအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ နေအိမ်များကိုအမြန်ဆောက်လုပ်နိုင်ရန်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းလည်း ဆရာတော်က မေတ္တာရပ်ခံသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂ နှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံနှစ်သိန်းကျော် စစ်ဘေးရှောင်ဘဝရောက်ရှိခဲ့ကြသည်။ သို့သော်လည်း တိုက်ပွဲရပ်တန့်နေသည့်အချိန်တွင် စစ်ဘေးရှောင်တချို့နေရပ်ပြန်သွားကြပြီး နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင် ၈၀၀၀၀ ကျော်တို့မှာ စစ်ဘေးရှောင်စခန်းအသီးသီး၌ ရှိနေဆဲဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...