Cobra Gold စစ်ရေးလေ့ကျင့်မှု၌ မြန်မာကို ချန်လှပ်ထားခြင်းက စစ်အာဏာသိမ်းမှုကြောင့် မဟုတ်ဟု ထိုင်း ငြင်းဆို

Cobra Gold စစ်ရေးလေ့ကျင့်မှု၌ မြန်မာကို ချန်လှပ်ထားခြင်းက စစ်အာဏာသိမ်းမှုကြောင့် မဟုတ်ဟု ထိုင်း ငြင်းဆို

ထိုင်းနှင့် အမေရိကန်တို့ ဦးဆောင်သော နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို တနင်္ဂနွေနေ့တွင် စတင်လုပ်ဆောင်ရာ၌ မြန်မာနိုင်ငံအား ချန်လှပ်ထားခြင်းသည် ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် သက်ဆိုင်ခြင်း မရှိဟု ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက အခိုင်အမာ ဆိုလာသည်။

ယခု နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အရွယ်အစား ချုံ့ပြီး လူသားချင်းစာနာထောက်ထားရေး လေ့ကျင့်မှုအပေါ် ဦးတည်ထားသည်။

၁၉၈၂ ခုနစ်က စတင်သော Cobra Gold စစ်ရေးလေ့ကျင့်မှုသည် ကမ္ဘာတွင် ကာလအရှည်ဆုံး ဘက်ပေါင်းစုံ စစ်ရေးလေ့ကျင့်မှုဖြစ်ကာ တရုတ်နှင့် ယှဉ်ပြိုင်မှုများ တိုးလာချိန်၌ အမေရိကန်၏ အာရှ၌ မဟာမိတ် ခိုင်မာရေး ပလက်ဖောင်းတစ်ရပ်လည်း ဖြစ်သည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် ဩစတြေးလျမှ တပ်ဖွဲ့ဝင်များ ပါဝင်သည်။

၎င်းတို့သည် ထိုင်းတပ်အင်အား ၂၀၀၀ နှင့် အမေရိကန်တပ်အင်အား ၁၂၀၀ နှင့်အတူ ယခုနှစ် မတ် ၅ ရက်အထိ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေး စစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်သွားကြမည် ဖြစ်သည်။

ယခင်ကကဲ့သို့ ကျည်စစ်ဖြင့် စစ်ရေးလေ့ကျင့်မှု မပါဝင်သော ယခုနှစ် စစ်ရေးလေ့ကျင့်မှု၌ စစ်လေယာဉ်များ ဆင်းသက်ခြင်းနှင့် ကယ်ဆယ်ခြင်း စသော စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်သည်။  

COVID-19  ကပ်ဘေး မကျရောက်ခင် ပြီးခဲ့သည့် Cobra Gold စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်စစ်သား ၄၅၀၀ ခန့် ပါဝင်ခဲ့ခြင်းဖြစ် သည်။  

ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို အရွယ်အစား ချုံ့ထားသော်လည်း မရှိမဖြစ် ခိုင်မာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပါဝင်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်ချုပ်ကြီး ခွန်ချိ တန်ထရာဗန်နစ်ရှ်က ပြောသည်။

ယခင်က Cobra  Gold စစ်ရေးလေ့ကျင့်မှု၌ လေ့လာစောင့်ကြည့်သူဖြစ်ခဲ့သော မြန်မာကို နှစ်ခါဆက်တိုက်အဖြစ် ဖယ်ချန်ထားခြင်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှနောက်ပိုင်း နိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းနှင့် မသက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အရပ်သားများအပေါ် ရက်စက်စွာ ပြုမူခြင်းများအတွက် မြန်မာစစ်တပ်အား အမေရိကန်နှင့် အနောက်အင်အားကြီး နိုင်ငံများက ရှုတ်ချထားသည်။ သို့ရာတွင် ထိုင်းနှင့် မြန်မာစစ်တပ်တို့သည် ခိုင်မာသည့် ဆက်ဆံရေး ရှိထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...