ဖတ်မာကျေးရွာတွင် ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ဖတ်မာကျေးရွာတွင် ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာတွင် ဆိုင်ကယ် စီးလာသည့် ဇနီး‌မောင်နှံနှစ်ဦးကို ယမန်နေ့ည(၈)နာရီ၀န်းကျင်က  စစ်ကောင်စီတပ်သားများ လိုက်လံပစ်ခတ်ခဲ့‌သောကြောင့် ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဇနီးမောင်နှံနှစ်ဦးသည် ဖတ်မာရွာတွင် ခြံခတ်ရန်အတွက် သွား‌ရောက်ရာ စစ်ဖြစ်လာသောကြောင့် ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ပြုလုပ်ခဲ့တဲ့အချိန် စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"သူတို့က ဖတ်မာမှာ ခြံကာဖို့ လာတဲ့အချိန် စစ်ဖြစ်လာတဲ့ အချိန် ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ လုပ်တဲ့အချိန် စစ်သားတွေက နောက်ကနေ လိုက်ပစ်လိုက်တာတဲ့။ ရွာသူ/သားတွေလည်း အဲဒီအချိန်  ကြောက်တော့ ပုန်းနေကြရတော့။ မနေ့ကတည်းက ပစ်တာ အလောင်းတောင် ဒီမနက်မှ သွားယူကြတာ။ ကွေးတောင်ကွေးနေပြီ။"ဟု ၎င်းက ပြောသည်။

သေဆုံးသွားသည့် လင်မယား(၂) နှစ်ဦးမှာ အသက် (၂၀) ကျော်၀န်းကျင်သာ ဖြစ်ပြီး လက်ထပ်ထားသည်မှာ လအနည်းငယ်သာ ရှိသေးပြီးတော့ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ သဂြိုဟ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ယမန်နေ့ည(၇)နာရီဝန်းကျင်က လုံရှာယန်နှင့် ဖတ်မာကျေးရွာကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ဖတ်မာကျေးရွာသည် ဖေဖော်ဝါရီလ (၁) ရက်နေ့က စစ်ကောင်စီစခန်းများအား  ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ သိမ်းပိုက်ခဲ့သည့် လုံရှာယန်နှင့် ဆွမ်ပီယန်ကျေးရွာ ကြားတွင် တည်ရှိသည့် ရွာတစ်ရွာဖြစ်သည်။

လက်ရှိအချိန် ဖတ်မာကျေးရွာတွင် စစ်ကောင်စီက တပ်စွဲနေထိုင်လျက်ရှိပြီး ဖေဖော်ဝါရီလ တိုက်ပွဲ ဖြစ်ပွားကတည်းက ရွာသူ/သားများအား တိမ်းရှောင်ထွက်ပြေးလျှင် ပစ်ခတ်မည်ဖြစ်ကြောင်း သတိပေး ခြိမ်းခြောက်ထားသည်ဟုလည်း သိရသည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...