မြစ်ကြီးနားမြို့ စစ်တပ် စာသင်ကျောင်းတွင် COVID-19 အစုလိုက် အပြုံလိုက်တွေ့

မြစ်ကြီးနားမြို့ စစ်တပ် စာသင်ကျောင်းတွင် COVID-19 အစုလိုက် အပြုံလိုက်တွေ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လေဆိပ်အနီးရှိ အ.ထ.က (၄) စစ်တပ်ကျောင်းတွင် COVID-19 ရောဂါ ကူးစက်ခံရသူ အစုလိုက် အပြုံလိုက် တွေ့ရှိထားသော်လည်း ကျောင်းပိတ်ခွင့် မပြု၍ ဆက်ဖွင့် နေရကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

COVID-19 ရောဂါ ကူးစက်ခံထားရသည့် ဆရာမများကို တပ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကူးစက်ခံရသည့် ကျောင်းသား ကျောင်းသူများကိုမူ ကျောင်းမလာဘဲ အိမ်မှာသာ နေခိုင်းကာ ကျောင်းကို ဆက်ဖွင့်ရန် ညွှန်ကြား ထားသည်ဟု ဆိုသည်။

“ဆရာမတွေက ပိတ်စေချင်တယ်။ အစပိုင်းမှာတော့ သူတို့ ကျောင်းပိတ်ဖို့ လုပ်တယ်။ ဒါပေမဲ့ စစ်တပ်ကျောင်းဆိုတော့ အထက်က အမိန့်ဆိုတော့ ပိတ်လို့ မဖြစ်ဘူးဆိုပြီး ဖွင့်ရတာ။ ကျောင်းအုပ် ဆရာကလည်း စစ်တပ်က ဗိုလ်ကြီးပဲ အုပ်ချုပ်တာ။ ကျောင်းသား ကျောင်းသူတွေကလည်း စစ်တပ် အသိုင်းအဝိုင်းက ပိုများတယ်။ အပြင်လူကတော့ နည်းတယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်တွင် အဋ္ဌမတန်း ကျောင်းသားတစ်ဦး၌ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆက်လက် စစ်ဆေးရာမှ ဖေဖော်ဝါရီလ ၈ ရက် မှ ၉ ရက် အထိ နှစ်ရက်အတွင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁ဝဝ ကျော်နှင့် ဆရာမ ၁ဝ ဦးတွင် COVID-19 ရောဂါ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

 “စတွေ့တာ အယောက် ၂ဝ ပေါ့။ အစပိုင်းမှာ အဲ့လို တွေ့ရင်းနဲ့ တစ်ဆင့် တစ်ဆင့် တက်လာတာ။ ဖေဖော်ဝါရီလ ၉ ရက်အထိဆို ကျောင်းသားကျောင်းသူ ၁၀၀ ကျော်နဲ့ ဆရာမ ၁ဝ ဦးမှာ ပိုးတွေ့တယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီမှ ဖေဖော်ဝါရီလ ၈ ရက် ည ၈ နာရီအထိ COVID-19  ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၁၁၄၅ ဦး တွေ့ရှိခဲ့ပြီး မြစ်ကြီးနားမြို့မှ ၄၄ ဦးတွင် COVID-19  ရောဂါ တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ညနေ ၅ နာရီတွင် ထုတ်ပြန်ထားသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...