ဝန်ထမ်းအင်အားနည်းပြီး လက်နက်လည်းမရှိ၍ သစ်ခိုးထုတ်သူများကို မဖမ်းနိုင်ဟု သစ်တောဦးစီးဌာန ပြော

ဝန်ထမ်းအင်အားနည်းပြီး လက်နက်လည်းမရှိ၍ သစ်ခိုးထုတ်သူများကို မဖမ်းနိုင်ဟု သစ်တောဦးစီးဌာန ပြော

သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အားနည်းပြီး လက်နက်လည်းမရှိသည့်အတွက် သစ်ခိုးထုတ်သူများကို နေရာတိုင်းလိုက်လံ ဖမ်းဆီးနိုင်ရန် အခက်အခဲရှိကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနက အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက DMG ကို ပြောကြားထားသည်။

“ကျွန်တော်တို့ သစ်တော ဝန်ထမ်းတွေမှာက လက်နက်လည်းမရှိဘူး။ လူအင်အားကလည်းနည်းတော့ နေရာတိုင်းမှာ လိုက်ပြီး ဖမ်းဆီးနိုင်ဖို့အခက်အခဲရှိပါတယ်။ တပ်မတော်စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးတာမျိုးတွေလောက်ပဲ လုပ်နိုင်ပါတယ် ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်အတွင်း သစ်ခိုးထုတ်သူများထံတွင် သေနတ်ကိုင်ဆောင်သူများကို မတွေ့ရှိရသော်လည်း များသောအားဖြင့် ဓားနှင့် ချိန်းဆော့များကို ကိုင်ဆောင်ကာ သစ်ခိုးထုတ်နေကြကြောင်း ယင်း တာဝန်ရှိသူက ပြောသည်။

သို့သော်လည်း သစ်တောဦးစီးဌာနအနေဖြင့် တိုင်တန်းလာသည့် တရားမဝင်သစ်ခိုးထုတ်မှုများကို အတတ်နိုင်ဆုံး ဖမ်းဆီးမှုများ ဆောင်ရွက်လျှက်ရှိပြီး အချို့နေရာများမှာ အလှမ်းကွာသည့်နေရာဖြစ်ပါက သွားရောက်ရန် အခက်အခဲရှိကြောင်း သစ်တောဌာန (ရခိုင်ပြည်) တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

COVID -19 ကပ်ရောဂါနှင့် မြန်မာစစ်တပ်မှ အာဏာသိမ်းမှုတို့ကြောင့် ရခိုင်တွင် တရားမဝင်သစ်ခိုးထုတ်မှု ပိုများလာနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (RCA) ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ကြည်က သုံးသပ်ထားသည်။

COVID -19 ကပ်ရောဂါကြောင့် ပြည်သူများစားဝတ်နေရေးကြပ်တည်းနေချိန်တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းလိုက်သည့်အတွက် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး အသင့်ရှိသော သစ်တောများကို တရားမဝင်ခုတ်ယူရန် အာရုံစိုက်လာကြခြင်းဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသည်။

“ကိုဗစ်ကြောင့် စီးပွားရေးတွေကြပ်တည်းကုန်တဲ့အခြေအနေမှာ အာဏာသိမ်းလိုက်တော့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ကြုံကြရတယ်။ ဒီတော့ အချို့သော ငွေကြေးတက်နိုင်သူတွေက ဆူလွယ်နပ်လွယ်ရှိတဲ့ သစ်တောတွေကို မျက်စိကျလာကြတာပါပဲ” ဟု ဒေါက်တာမောင်မောင်ကြည်က ရှင်းပြသည်။

လက်ရှိတွင် သစ်တောဖုန်းလွှမ်းမှုဧရိယာ အနည်းငယ်ကျန်ရှိနေသည့် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များရှိ သစ်တောများမှသစ်များကို အများအပြားခုတ်ယူနေကြပြီး အချိန်မီတားဆီးရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သူက ဆိုသည်။

ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူတစ်ဦးက လက်ရှိ ၎င်းတို့ကျေးရွာဘက်တွင် ကျန်ရှိနေသည့် တောတောင်များကို ဘတ်ဖိုးများဖြင့် လမ်းဖောက်ကာ အကြီးအကျယ် သစ်ခိုးထုတ်မှုများ ပြုလုပ်နေကြောင်း DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ တရားမဝင်သစ်တန်ချိန် ၈၉၂ ဒသမ ၄၈၈၂ တန်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သစ်တန်ချိန် ၂၄၂ ဒဿမ ၆၄၅၄ တန် နှင့် ၂၀၂၂ ဇန်နဝါရီလတွင် တရားမဝင်သစ်တန်ချိန် ၄၉၄ ဒဿမ ၇၉၅၅ တန် ဖမ်းဆီးရရှိခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း ရခိုင်မှ တရားမဝင်သစ်တန်ချိန် ၁၆၂၉ ဒဿမ ၉၂၉၁ တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...