အသံတိတ်သပိတ်ပြုလုပ်မှုဖြင့် မြို့နယ်အချို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသူများရှိခဲ့ကြောင်းပြော

အသံတိတ်သပိတ်ပြုလုပ်မှုဖြင့် မြို့နယ်အချို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသူများရှိခဲ့ကြောင်းပြော

အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်ခဲ့သည့် လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အသံတိတ်သပိတ်(Silent Strike)ကို နေရာဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။

ယင်းသို့သပိတ်ပြုလုပ်မှုတွင်ပါဝင်သည်ဟုဆိုကာ မော်လမြိုင်နှင့် ရေဦးမြို့တို့မှ ဆိုင်ရှင်အချို့ ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိခဲ့ကြောင်း ကာယကံရှင်များနှင့် ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စျေးဆိုင်ပိုင်ရှင်များအပါအဝင် လူငယ်တချို့ ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိခဲ့ပြီး ယနေ့(ဖေဖော်ဝါရီလ ၂ ရက်)တွင် ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ထိန်းသိမ်းခံခဲ့ရသည့် မော်လမြိုင်ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။

"မနေ့က အသံတိတ်သပိတ်လုပ်တဲ့အတွက် ဆိုင်ကိုတော့ ဖွင့်ပေးထားတယ်။ ဝယ်သူလည်းမရှိဘူးပေါ့နော်။ ညနေကျတော့ စျေးလာဝယ်သူတွေလာနေရင်းနဲ့ ရဲစခန်းကို ခနခေါ်ဆောင်ခံခဲ့ရတာ။ သတိပေးပြောဆိုတာတွေလုပ်တယ်။ ခံဝန်လက်မှတ်ထိုးခိုင်းတယ်ပေါ့နော်။ အဲဒါလည်းပြီးတော့ ဒီနေ့မနက်ပိုင်းမှာပဲ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ထိန်းသိမ်းခံရသူတွေရှိတယ်။ ရဲစခန်းအလိုက်မှာရှိတယ်ကြားတယ်။ တချို့ကလည်း ညပိုင်းပြန်လွှတ်ပေးတာရှိတယ်လို့သိရပါတယ်"ဟု ၄င်းမှပြောသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း ယမန်နေ့(ဖေဖေါ်ဝါရီလ ၂ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ မော်တော်ယာဉ်များကိုစစ်ဆေးနေစဉ် ယမန်နေ့က အသံတိတ်သပိတ်တွင်ပါဝင်ခဲ့သည်ဟုဆိုကာ ဆိုင်ရှင်သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးထိန်းသိမ်းခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်ကပြောသည်။

"မနက်က ခနဆိုပြီးမြို့ထဲထွက်သွားပါတယ်။ ဆိုင်ကယ်စစ်ဆေးတာတွေရှိတယ်လို့တော့ကြားသိရတယ်။ အဲဒီလိုစစ်ဆေးခံနေတုန်း အဖမ်းတာခံလိုက်ရတယ်လို့သိရပါတယ်။ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာတော့ အခုထိမသိရသေးပါဘူး။ စိတ်ပူမိပါတယ်"ဟု ၄င်းကဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က)နှင့် ၅၀၅ စသည့်ပုဒ်မများဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီမှ ဇန်နဝါရီ ၂၈ ရက်နေ့တွင် သတိပေးထားသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...