မြောက်ဦးတွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် လူငယ်သုံးဦး ဒဏ်ရာရ

မြောက်ဦးတွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် လူငယ်သုံးဦး ဒဏ်ရာရ

မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်) နေ့လယ် ၁ နာရီခန့်က စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် လူငယ် ၃ ဦး ပြင်းထန်ဒဏ်ရာအသီးသီးရရှိသွားကြောင်း သိရသည်။

လူငယ် ၇ ဦးသည် ကျေးရွာအနီးရှိတောင်ပေါ်သို့ ထင်းခုတ်ရန်သွားကြစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၇ နှစ်အရွယ် ကိုလှနိုင်သန်း၊ ဦးလင်းအောင်နှင့် အသက် ၁၈ နှစ်အရွယ် ကိုစိုးလင်းထွန်းတို့မှာ လက်မောင်း၊ ဝမ်းဗိုက်များတွင် ဒဏ်ရာအသီးသီးရရှိသွားခြင်းဖြစ်သည်။

“ရွာအနီးကတောင်ကို ၇ ယောက်က ထင်းခွေသွားကြတာပါ။ အဲဒီမှာ ထင်းတုံးကိုတောင်ပေါ်ကချလိုက်တဲ့အခါ လက်နက်ကြီး(ဒါမှမဟုတ်)ဗုံးနဲ့ထိပြီးတော့ ပေါက်ကွဲမှုဖြစ်ပြီး အခုလိုဒဏ်ရာရသွားတာပါ။ လက်မောင်းတွေမှာ ဒဏ်ရာရကြတဲ့သူတွေအတွက် စိုးရိမ်စရာတော့မရှိဘူး။ ဝမ်းဗိုက်မှာဒဏ်ရာရသွားတဲ့ စိုးလင်းထွန်းကတော့ စိုးရိမ်ရပါတယ်”ဟု ကိုလှနိုင်သန်း၏ဖခင် ဦးမောင်ထွီးလှက DMG သို့ပြောသည်။

ထင်းတုံးနှင့်ထိမိပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စစ်ကျန်ပစ္စည်းမှာ လက်နက်ကြီးကျည်နှင့်ဗုံး ဟုတ်၊မဟုတ်ကို သေချာစွာမသိရသေးကြောင်း ဒေသခံများကဆိုသည်။

ဝမ်းဗိုက်တွင်ဒဏ်ရာရရှိသွားသည့် ကိုစိုးလင်းထွန်း၏မိသားစုမှာ လက်လုပ်လက်စားများဖြစ်သောကြောင့် ဆေးကုသရန် ငွေကြေးအခက်အခဲရှိသည်ဟု ဒေသခံ ကိုကျော်သိန်းစိုးကပြောသည်။

“သူတို့မိသားစုတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ဒဏ်ရာနည်းနည်းပြင်းထန်တော့ သူတို့မှာ ဆေးကုသဖိုအခက်အခဲ ရှိပါတယ်”ဟု ကိုကျော်သိန်းစိုးက ဆိုသည်။

ယခုစစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်တန်းသည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပြင်းထန်စဉ်ကာလက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်နေရာဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ်(ပလုံတောကျေးရွာ)တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားမှုရပ်တန့်နေသော်လည်း စစ်ကျန်လက်နက်များပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေ၍ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စစ်ကျန်လက်နက်ခဲယမ်းများကို ရှင်းလင်းရန်လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလမှာ မပေါက်ကွဲဘဲကျန်ခဲ့တဲ့ လက်နက်တွေအများကြီး၊ မြေမြုပ်မှိုင်းတွေဆိုရင်လည်း အများကြီးရှိနိုင်တယ်။ တည်ငြိမ်မှုရှိနေတဲ့ကာလမှာ နှစ်ဖက်လက်နက်ကိုင်တွေအနေနဲ့ ညှိနှိုင်းပြီးတော့ စစ်ကျန်လက်နက်တွေကို ဖြေရှင်းတဲ့ လုပ်ငန်းတွေကို အားစိုက်ပြီးတော့လုပ်ဖို့လိုအပ်ပါတယ်”ဟု ကိုဇော်ဇော်ထွန်းက အကြံပြုသည်။

ထိုသို့ စစ်ကျန်လက်နက်များ မကြာခဏပေါက်ကွဲနေသောကြောင့် ရခိုင်က မြို့နယ် ၁၀ ခုတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ မိုင်းအန္တရာယ်အသိပညာပေးမှုလုပ်ငန်းမျာစကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိနေသည်။ 

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...