မစ္စယန်ဟီလီအားပြည်ဝင်ခွင့် မပေးသင့်ကြောင်း ဒေါက်တာအေးမောင်ပြောကြား

မစ္စယန်ဟီလီအားပြည်ဝင်ခွင့် မပေးသင့်ကြောင်း ဒေါက်တာအေးမောင်ပြောကြား
by -
နိရဥ္စရာ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် ဇူလိုင် ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်မည် ဖြစ်ရာ သူမအား ပြည်ဝင်ခွင့်တောင် မပေးသင့်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲခန့်က မစ္စယန်ဟီလီ၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်ပြီး နိရဥ္စရာက ဆက်သွယ်မေးမြန်းစဉ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ထိုသို့ပြောကြား ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ သူမက သူမရဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်အတွင်း အချက်အလက်ရှာဖွေရေး အတွက် တောင်းဆိုခဲ့သလို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အမြင်တွေနဲ့ သာ အစီရင်ခံစာတင်သွင်းသူ ဖြစ်တယ်။ ဒါ့ပြင်သူမရဲ့ ခရီးစဉ်ဟာ ရခိုင်ပြည်နယ် အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် (Fact-Finding Mission) နဲ့ ဆက်စပ်မှု ရှိကို ရှိတယ်လို့ သုံးသပ်လို့ ရတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ သူမရဲ့ မြန်မာပြည်တွင်းကို ပေးမဝင်သင့်ဘူးလို့ ပြောလိုပါတယ်” ဟု ပြောဆိုသည်။

ယခု မစ္စယန်ဟီလီ၏ ခရီးစဉ်သည် များမကြာမီက လာရောက်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr Filippo Grandi ခရီးစဉ်နှင့်လည်း ဆက်စပ်နေကြောင်း၊ ရှေ့ဆင့်နောက်ဆင့် လာရောက်သည်ကို ကြည့်ခြင်းအားဖြင့် ထူးခြားနေမည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ သူတို့၏ လာရောက်ရသည့် နောက်ကွယ်က မမြင်နိုင်သည့် အကြောင်းအရာများ ရှိနေကြောင်း၊ မိမိတို့မှ မစ္စယန်ဟီလီရဲ့ ခရီးစဉ်ကို လုံးဝ ကန့်ကွက်ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားသည်။

“ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်သူတွေနဲ့ သူမရဲ့ ခရီးစဉ်ကို ပူးပေါင်း ကန့်ကွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေး ပါတီတွေအနေနဲ့လည်း ရခိုင်ပြည်သူတွေနဲ့ ပူးပေါင်း ကန့်ကွက်ဖို့ ဖိတ်ခေါ် ပြောကြားလိုပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

မစ္စယန်ဟီလီသည် သူမ၏ ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်ဖြစ်သည့် ယခု ခရီးစဉ်ကို ဇူလိုင်လ ၁၀ ရက်မှ ၂၁ ရက်နေ့ ပြုလုပ်မည် ဖြစ်ပြီး သူမခရီးစဉ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း (လားရှိုးမြို့)နှင့် ရခိုင်ပြည်နယ် ရှိ ကျောက်ဖြူ၊ စစ်တွေမြို့များသို့
သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

“မစ္စယန်ဟီလီရဲ့ စစ်တွေ၊ ကျောက်ဖြူ ခရီးစဉ်မှာ ရခိုင်ပြည်သူတွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုနဲ့ အကြီးအကျယ် ကြံုတွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့ လူထုအနေနဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ အတွက် ကုလသမဂ္ဂကနေ စေလွတ် ဂမ်ဘာရီ၊ သောမတ် ကင်တားနားတို့ကို ကန့်ကွက်ခဲ့သလို မစ္စယန်ဟီလီကိုလည်း ကန့်ကွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း ကန့်ကွက်မှုကို ခံရနိုင်ပါတယ်” ဟု သူက ဆိုသည်။

အစိုးရအနေဖြင့်လည်း သံတမန်ရေးအရ ပျော့ညံ့သော စကားလုံးများကို သုံးနှုန်းနေမှုအစား မိမိနိုင်ငံ၏ ပြည်တွင်းရေးကို နည်းမျိုးစုံဖြင့် ၀င်ရောက်စွက်ဖက်နေသော ကုလသမဂ္ဂကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် အချိန်တန်နေပြီ ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောဆိုသွားသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...