ရက္ခိုင့်တပ်တော်(AA)တွင် အင်အားသုံးသောင်းကျော်ရှိနေပြီဟု ဗိုလ်ချုပ်ထုတ်ပြော

ရက္ခိုင့်တပ်တော်(AA)တွင် အင်အားသုံးသောင်းကျော်ရှိနေပြီဟု ဗိုလ်ချုပ်ထုတ်ပြော

ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ရက္ခိုင့်တပ်တော်(AA)တွင် စစ်သည်အင်အား သုံးသောင်းကျော်ရှိနေပြီဖြစ်ပြီး အင်အား ၆၀၀၀ ခန့်ကိုမူ မဟာမိတ်နယ်မြေများတွင် တပ်ဖြန့်ထားသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုရက်ပိုင်းအတွင်း နိုင်ငံတကာမီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။

“ကျနော်တို့ (၂၀၀၉ မှာဖွဲ့စည်းပြီးကတည်းက) ၁၃ နှစ်အတွင်း စစ်သည် ၃ သောင်းကျော်သင်တန်းပေးပြီးပါပြီ။ ကွပ်ကဲထိန်းချုပ်ရေး(command and control)ပိုင်းနဲ့ နည်းပညာစွမ်းရည်ပိုင်းမှာ သင်တန်းတက်ရောက်နေတဲ့ တပ်သားတွေလည်းရှိပါသေးတယ်။ ကျနော်တို့စစ်သည်တွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ တိုက်ခိုက်ရည်စွမ်းရည်ပြည့်ဝပြီး တိုက်ပွဲအတွေ့အကြုံရှိသူတွေပါ”ဟု ဗိုလ်ချုပ်က Asia Times မီဒီယာသို့ပြောထားသည်။

ထို့ပြင် ဘဂ်လားဒေ့ရှ်နိုင်ငံ၏ သတင်းဌာနတစ်ခုဖြစ်သည့် Prothom Alo ကိုလည်း မိမိတို့မှာ စစ်သည်အင်အားသုံးသောင်းဝန်းကျင်ရှိပြီဖြစ်ကြောင်း၊ ဘိုးဘေးစဉ်ဆက်ပိုင်ဆိုင်ခဲ့သည့်နေရာကို ပြန်သိမ်းမည်ဆိုလျှင် စစ်သည်အင်အား သုံးသောင်းမှ ငါးသောင်းအထိလိုအပ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောထားသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၆၀ ရာခိုင်နှုန်းခန့်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ တောင်ပိုင်းတွင် အနည်းငယ်ထိန်းချုပ်ထားနိုင်သည်ဟုလည်း Asia Times မီဒီယာသို ့ပြောထားသည်။

“တစ်ချို့နေရာတွေမှာကျတော့ ကျနော်တို့နဲ့ မြန်မာစစ်တပ်ကြားမှာ နယ်မြေထိန်းချုပ်မှုကို တိတိပပသတ်မှတ်ဖို့ခက်ပါတယ်။ သူတို့က မြို့တွင်းဧရိယာတွေကိုထိန်းချုပ်ထားဆဲဖြစ်သလို မဟာဗျူဟာအရလည်း ဆက်ကိုင်ထားဖို့လိုတာပေါ့။ ဒါပေမဲ့ ကျနော်တို့ ဘက်ကလည်း လုပ်ပိုင်ခွင့်အာဏာကို အဲဒီနေရာတွေမှာ လိုရင်လိုသလိုဖြန့်ကျက်တာတွေရှိတယ်ဆိုတော့ နှစ်ဘက်အားပြိုင်နေတဲ့ဧရိယာတွေ အများကြီးရှိနေဆဲပါ”ဟု ဗိုလ်ချုပ်ကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ကချင်ပြည်နယ်တွင်စတင်ထူထောင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ရာမှ ၂၀၂၀ ခု၊ နိုဝင်ဘာလပထမပတ်တွင် နားလည်မှုသဘောဖြင့် လက်ရှိအချိန်ထိ အပစ်အခတ်ရပ်တန့်ခဲ့သည်။

တိုက်ပွဲရပ်တန့်နေသည့်ကာလတွင် ရခိုင်ပြည်နယ်အတွင်း သြဇာပိုမိုကြီးထွားလာအောင်ကြိုးပမ်းနေပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိသည်။

တစ်ဖက်တွင်လည်း AA မှ ထိုသို့လုပ်ဆောင်နေမှုများကို မြန်မာစစ်တပ်က ကြိုက်နှစ်သက်မှုမရှိသောကြောင့် မြို့၊ရွာများသို့သွားရောက်ကာ ဒေသခံများအား AA နှင့်မပတ်သက်ကြရန် သတိပေးပြောဆိုမှုများရှိနေသည်။

လက်ရှိတွင် နားလည်မှုဖြင့်တိုက်ပွဲရပ်တန့်နေသော်လည်း မြန်မာစစ်တပ်ဘက်ကလည်း တစ်ရွာဝင်တစ်ရွာထွက်သွားလာမှုများရှိနေသောကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း AA က သတိပေးထားသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...