ကျောက်တော်တွင် နှစ်ဖက်တပ်များ တပ်စွဲနေသေးသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

ကျောက်တော်တွင် နှစ်ဖက်တပ်များ တပ်စွဲနေသေးသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီထုကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တပ်စွဲထားသေးသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်မှုရှိနေကြသည်ဟု သိရသည်။

AA သည် ပီထုကျေးရွာအနီးတွင်တပ်စွဲနေပြီး မြန်မာစစ်တပ်ကလည်းပီထုရွာနှင့် နာရီဝက်ခန့်ကြာသွားလာရသော ဝင်စုကျေးရွာဘုန်းကြီးကျောင်း၌ ဇန်နဝါရီ ၁၈ ရက်နေ့က တပ်စွဲထားသဖြင့် နှစ်ဖက်ထိပ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်မိသည်ဟု ဒေသခံများက DMG ကို ယနေ့ပြောသည်။

“ရက္ခိုင့်တပ်တော်ကတော့ ပီထုရွာအနီးမှာရှိတယ်။ မြန်မာစစ်တပ်က ဝင်စုကဘုန်းကြီးကျောင်းမှာ ရှိတုန်းပဲ။ ရက္ခိုင့်တပ်တော်က မကျော်ရအောင် တားဆီးထားတဲ့သဘောပါပဲ။ ကျော်လာရင်တိုက်ပွဲဖြစ်ကြမှာ။ မနေ့ကတော့ တစ်ဖက်နဲ့တစ်ဖက် မြင်ရတဲ့အနေအထားရှိတယ်”ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းက ပီထုရွာအနီး ဖက်ဆုံကန်တောင်အနီးတွင် နှစ်ဖက်တပ်များ အနီးကပ်မြင်တွေ့ရသည့်အနေအထားတွင်ရှိခဲ့ပြီး ညနေ ၃ နာရီခန့်တွင် မြန်မာစစ်တပ်ဘက်က နောက်ပြန်ဆုပ်သွားကာ ဝင်စုကျေးရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည်ဟု နောက်ထပ် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“AA ထိန်းချုပ်နေတဲ့နေရာကို သူတို့ဘက်ကကျူးကျော်လာရင်တော့ တိုက်ပွဲဖြစ်ဖို့ အသင့်အနေအထားရှိတယ်။ မနေ့ကတော့မြန်မာစစ်တပ်က ‌ရေယာဉ်နဲ့လက်နက်တွေတင်ပြီးလာကြတယ်။ ရေယာဉ်နဲ့စစ်တပ် ၂၀ ကျော်ရောက်တယ်။ လူပေါင်း ၂၀ ကျော်ထဲက ၆ ယောက်လောက်တော့ အထက်ကိုရောက်ခဲ့တယ်။ ပြီးရင် သူတို့နောက်ဆုတ်သွားကြတယ်”ဟု ၎င်းကပြောသည်။

ထိုသို့နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံမည့်အခြေအနေရှိခဲ့သောကြောင့် ကားအသွားအလာများရပ်တန့်ခဲ့ပြီး ပီထုကျေးရွာမှ ဒေသခံတစ်ချို့မှာ ကျောက်တော်မြို့အပါအဝင် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်ဟု အထက်ပါဒေသခံကပြောသည်။

“ကြောက်လန့်ပြီး ထွက်ပြေးတဲ့ရွာသားတွေလည်း ဒီနေ့ပြန်လာတဲ့သူတွေ ပြန်လာနေကြပြီ။ မလာတဲ့သူတွေလည်းရှိသေးတယ်။ ကျွန်တော့်သမီးလည်းပြန်မလာသေးဘူး”ဟု ၄င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ကို DMG က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေး‌ပါ။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား ၂၀၁၈ ခု နှစ်ကုန်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလပထမပတ်တွင် နားလည်မှုသဘောဖြင့်တိုက်ပွဲရပ်တန့်ခဲ့သည်။ သို့သော်လည်း ၂၀၂၀ ခု၊ နိုဝင်ဘာလ ၉ တွင် မောင်တောမြို့နယ်၊ ဝေလတောင်ပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်တန့်နေသည့်အချိန်မှစတင်၍ ရက္ခိုင့်တပ်တော်(AA)သည် ပြည်နယ်တွင်း သြဇာအာဏာကြီးမားလာအောင်တည်ဆောက်နေပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်နေမှုများကြောင့် မြန်မာစစ်တပ်သည် ကျောက်တော်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ပေါက်တော စသည့်မြို့နယ်များတွက် AA နှင့်မပတ်သက်ကြရန်၊ AA ကို မထောက်ခံရန် ပြောဆိုသတိပေးမှုများရှိလာခဲ့သည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရခိုင်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်၍ နယ်မြေစိုးမိုးရေး၊ စစ်ရေးလှုပ်ရှားသွားလာမှုများရှိနေခြင်းကြောင့် စစ်ကောင်စီတပ်နှင့် မိမိတို့အကြား နှစ်ဖက်တင်းမာမှုမြင့်တက်စေသည်ဟု AA က ဒီဇင်ဘာ ၁၀ တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့အခြေအနေများကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သည့်အနေအထားကို ရောက်ရှိလာသောကြောင့် စစ်ရေးသတိကြီးစွာဖြင့်စောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့်လည်း စစ်ရေးသတိရှိကြရန် AA ကထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...