ရေစကြို ရေလယ်ကျွန်းဒေသရှိ ပြောက်ကျားတပ်ခေါင်းဆောင်၏နေအိမ် အပါအဝင် ဒေသခံများ၏ဆိုင်ကယ် ၄၅ စီးမီးရှို့ဖျက်ဆီးခံရ

ရေစကြို ရေလယ်ကျွန်းဒေသရှိ ပြောက်ကျားတပ်ခေါင်းဆောင်၏နေအိမ် အပါအဝင် ဒေသခံများ၏ဆိုင်ကယ် ၄၅ စီးမီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ လှေခုတ်ရွာရှိ YLK ပြောက်ကျားတပ်ခေါင်းဆောင်၏ နေအိမ်အား စစ်တပ်မှနှစ်ကြိမ်တိုင်တိုင်ပြာကျသည်အထိမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းကမဇ္ဈိမကိုပြောသည်။

"မနေ့ကရယ်၊ ဒီနေ့ဇန်နဝါရီလ ၁၃ ရက်မနက် ၄ နာရီလောက်ကရယ် မီးနှစ်ခါရှို့ခံရတာ အကုန်ပြာကျတဲ့အထဲပါသွားတယ် အတွင်းပစ္စည်းမီးစက်တွေ ရော၊ လက်သမားပစ္စည်းတွေရော ဘာဆိုဘာမှမကျန်အောင်လောင်သွားတာ၊ ဒလန်သတင်းပေးလို့ခဏခဏအရှို့ခံရတာ"ဟု ၎င်းကပြောသည်။

ထို့အပြင် အဆိုပါကျေးရွာရှိဒေသခံပြည်သူများပိုင် ထော်လာဂျီအပါအ၀င် ဆိုင်ကယ် ၄၅ စီးလည်းမီးရှို့ဖျက်ဆီးခံရ၍ နေအိမ် အလုံး ၅၀ နီးပါး၏အိမ်တွင်းပစ္စည်းများဖျက်ဆီးခံရခြင်း၊ တန်ဘိုးကြီးပစ္စည်းနှင့်ရွေထည်၊ ငွေသားများကိုလည်းအကြမ်းဖက်စစ်တပ်ကခိုးယူသယ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

"အိမ်တွေထဲ ပစ္စည်းတွေဆို ပရိဘောဂပစ္စည်း၊ တီဗွီခွက်၊ယောက်၊ အကုန်မကျန်ရိုက်ခွဲဖျက်ဆီးသွားတာ ‌ပစ္စည်းတွေလည်းခိုးသွားတယ်။ ငွေတွေည်းပါသွားတယ် အခုပါသွားတဲ့ ပမာဏတွေလိုက်တွက်နေတာ"ဟု လှေခုတ်ရွာခံတစ်ဦးကမဇ္ဈိမကိုပြောသည်။

လှေခုတ်ရွာကို၀င်ရောက်စီးနင်းသွားသောအင်အား ၅၇ ဦးရှိသည့်စစ်ကောင်စီတပ်သည့် ယမန်နေ့ဇန်နဝါရီလ ၁၂ ရက် နံနက် ၈ နာရီတွင်လှေခုတ်ရွာရှိနေအိမ်အချို့အား မီးရှို့ဖျက်ဆီးသည့်အပြင် နီးစပ်ရာရွာများရှိ အိမ်တွင်းပစ္စည်းများကိုပါ လုယက်ဖောက်ထွင်းသယ်ဆောင်ခြင်းများပြုလုပ်ခဲ့၍ ၎င်းတို့စစ်‌‌ကြောင်းမပြန်ခင် ယနေ့နံနက် ၄ နာရီကလည်း YLK ပြောက်ကျားတပ် ခေါင်းဆောင်၏ နေအိမ်ကို မီးထပ်မံရှို့သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအခြေအနေအရ ယင်းစစ်ကြောင်းပြန်ပြီး နာရီပိုင်းအတော်ကြာမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံရွာသားများမှာ မိမိတို့နေအိမ်ရှိရာရွာအသီးသီးသို့ပြန်လည်ရောက်ရှိ နေကြောင်းဒေသခံများကဆိုသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၀ ရက်တွင် ညောင်ပင်ရွာ၊ဝါဘိုးရွာတို့တွင်စစ်ကြောင်းစထိုး၍

မြေတော်စခန်းတွင်တစ်ညအိပ်ပြီးနောက်ရက်တွင်လှေခုတ်ရွာနှင့် ရေယှားရွာကြား ဒေသတွင်းပြောက်ကျားတပ်ဖွဲ့များနှင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအပြီးစစ်ကောင်စီတပ်သား အများအပြားသေဆုံးမှုကြောင့် တိုက်ပွဲအနီးရှိ လှေခုတ်ရွာသို့၀င်ရောက်စီးနင်းဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နို၀င်ဘာလ ၁၄ ရက်မှစ၍ ရက်သတ္တပတ်သုံးပတ်နီးပါးကြာမြင့်သည့်အထိရေလယ်ကျွန်းဒေသရှိရွာပေါင်း ၄၀ ကျော်ကိုစစ်တပ်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ဒေသခံများကိုဖမ်းဆီးခြင်း၊ဒေသခံများ၏နေအိမ်များကိုဖျက်ဆီးသည့်အပြင်အိမ်တွင်းပစ္စည်းနှင့်ရွှေထည်ငွေထည်များအားဖောက်ထွင်းလုယူမှုများရှိခဲ့သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...