စစ်တွေ၌ တစ်လမ်းမောင်းစနစ်မလိုက်နာသူများကို မော်တော်ယာဉ်အက်ဥပဒေဖြင့်အရေးယူ

စစ်တွေ၌ တစ်လမ်းမောင်းစနစ်မလိုက်နာသူများကို မော်တော်ယာဉ်အက်ဥပဒေဖြင့်အရေးယူ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုကိုဖြေရှင်းရန် တစ်လမ်းမောင်းစနစ်ကိုသတ်မှတ်ထားပြီး ယင်းယာဉ်စည်းကမ်းမလိုက်နာသူ ၅၀ ကျော်ကို မော်တော်ယာဉ်အက်ဥပဒေဖြင့်အရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ပြီး စစ်တွေမြို့မဈေးအနီးရှိ ရေတွင်းလမ်း၊ စျေးကြီးလမ်း၊ ကုန်သည်လမ်း၊ ထီးတန်းလမ်းနှင့် ရွှေဘန်းလမ်းတို့ကို တစ်လမ်းမောင်းစနစ်အဖြစ် သတ်မှတ်ခဲ့သည်။

တစ်လမ်းမောင်းစနစ်သတ်မှတ်ပြီးနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက် ဒီဇင်ဘာလမှ စတင်ကာ ယာဉ်စည်းကမ်းမလိုက်နာသူများကို မော်တော်ယာဉ်အက်ဥပဒေဖြင့် အရေးယူခဲ့သည်၊

အဆိုပါအရေးယူဆောင်ရွက်ခဲ့ရာတွင် တစ်လအတွင်း ယာဉ်စည်းကမ်းမလိုက်နာသူ ၅၂ ဦးကို မော်တော်ယာဉ်ဥပဒေ ၉၆ ဖြင့် အမှုဖွင့်တရားစွဲဆိုပြီး ရုံးတော်မှ ဒဏ်ငွေကျပ်နှစ်သောင်းစီ ပေးဆောင်ရန်အမိန့်ချခဲ့သည်ဟု အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ပြောသည်။

“ပညာပေးကာလပြီးသွားပြီမို့ အရေးယူမှုအပိုင်းကို ဆောင်ရွက်နေပြီ။ စည်းကမ်းဖောက်ရင် ထပ်ပြီးအရေးယူတာတွေလုပ်သွားမယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ မြို့မစျေးကြီးအနီးတွင် တစ်လမ်းမောင်းစနစ်ကို လမ်းတချို့တွင်သတ်မှတ်လိုက်ခြင်းသည် စစ်တွေမြိို့၏ ယာဉ်ကြောရှုပ်ထွေးမှုကိုဖြေလျော့နိုင်ရန် ပထမခြေလှမ်းဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း ဦးရန်မိုးကျော်သူက ပြောသည်။

“စစ်တွေမြို့ဟာ တစ်လမ်းမောင်းစနစ်နဲ့သွားရင် တော်တော်လေး အဆင်ပြေမယ့်မြို့ပါ။ စစ်တွေမြို့မှာနေထိုင်တဲ့ ဘယ်သူမဆို စည်းကမ်းတွေကိုလိုက်နာဖို့ လိုပါတယ်”ဟု ၄င်းကဆိုသည်။

ယခုကဲ့သို့ မြို့တော်စည်ပင်သာယာရေးအတွက် စည်းကမ်းများသတ်မှတ်ဆောင်ရွက်နေခြင်းမှာ ကောင်းမွန်သော်လည်း သတ်မှတ်သည့်စည်းကမ်းများကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လည်းလိုအပ်ကြောင်း စစ်တွေမြို့မှ ရခိုင်အမျိုးသမီးများကွန်ယက်မှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးကပြောသည်။

“အသိပညာပေးတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးဖို့လိုတယ်။ လူတိုင်းနီးပါးသိအောင် ပညာပေးနိုင်ဖို့လိုတယ်။ နောက်ပြီးအချို့တပ်ဆင်ထားတဲ့ အသိပေးဆိုင်းဘုတ်တွေဆိုလည်း စျေးဆိုင်တွေရဲ့ ထီးတွေနဲ့ကွယ်နေတော့ အများပြည်သူမှာ မမြင်ရတာတွေလည်းရှိတယ်။ ဒါတွေကို သက်ဆိုင်ရာကသတိပြုဖို့လိုတယ်”ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

စစ်တွေမြို့နယ်တွင် ယခင်က တစ်လမ်းမောင်းစနစ်ကိဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း နယ်မြေဒေသလုံခြုံရေးအခြေအနေနှင့် ကိုဗစ်ကပ်ရောဂါအခြေအနေတို့ကြောင့် လုပ်ငန်းအကောင်အထည်ဖော်ရန်နှောင့်နှေးခဲ့ရပြီး လက်ရှိတွင် ယင်းအစီအစဉ်ကိုပြန်လည်စတင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူမြို့နှင့် သံတွဲမြို့တို့တွင်လည်း တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးလျှက်ရှိကြသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...